News

POST TYPE

NEWS

သရုပ်ဆောင် ဝေဠုကျော်အမှု ရုံးတော်ထံ တင်သွင်းထားသည့် အသံဖိုင်ကို စစ်ဆေး
19-Jun-2019

ရန်ကုန်၊ ဇွန် ၁၉

သင်္ဃန်းကျွန်းမြို့နယ်တရားရုံးတွင် ကာမလိမ်လည်ရယူမှုဖြင့် တရားစွဲဆိုခံရသူ သရုပ်ဆောင် ဝေဠုကျော်အမှုနှင့် ပတ်သက်၍ ဇွန် ၁၉ ရက် (ယနေ့) ရုံးချိန်းက တရားလို သင်းသင်း တင်သွင်းထားသည့် အသံဖိုင်ကို စစ်ဆေးခဲ့သည်။

တရားလိုဘက်မှ တင်သွင်းထားသည့် အသံဖိုင်ကို တရားသူကြီးမှ နားထောင်နေစဉ် သရုပ်ဆောင် ဝေဠုကျော်၏ ရှေ့နေဖြစ်သူက အမှုနှင့်မသက်ဆိုင်သည့် အသံဖိုင်အချို့ပါဝင်နေကြောင်းနှင့် အသံဖိုင်များကို ကူးယူထားသည့် ဖုန်းအမျိုးအစား၊ ရက်စွဲများမှာလည်း အတိမကျမပါဝင်သဖြင့် ကန့်ကွက်ခဲ့ရာ တရားလို၏ ရှေ့နေက အသံဖိုင် ၁၇၈ ဖိုင်ရှိသည့်အတွက် ရုံးတော်ကို အသံဖိုင်များ အကုန်တင်သွင်းပါက မလိုအပ်ဘဲ ဖောင်းပွနေမည်ကို နားလည်ကြောင်းနှင့် ဖုန်းအမျိုးအစားနှင့် ရက်စွဲများကို ရုံးတော်သို့ တင်သွင်းနိုင်ကြောင်း ပြန်လည်ပြောကြားခဲ့သည်။

ယင်းအသံဖိုင်များနှင့် ပတ်သက်၍ ဝေဠုကျော်မှ အသံသွင်းခိုင်းခဲ့ခြင်းဖြစ်ကြောင်း တရားလို သင်းသင်းက မီဒီယာများထံ ပြောကြားခဲ့ပြီး ဝေဠုကျော်မှလည်း ၎င်းအသံသွင်းခိုင်းခဲ့ခြင်း မရှိကြောင်းနှင့် အသံသွင်းမည်ဆိုပါက မိမိလက်ကိုင်ဖုန်းဖြင့် ကိုယ်တိုင်အသံသွင်းမည်ဖြစ်ကြောင်း ပြန်လည်ချေပပြောဆိုခဲ့သည်။

ကာမလိမ်လည်ရယူမှုဖြင့် တရားစွဲဆိုခံရသူ ဝေဠုကျော်မှာ ကျပ်သိန်း ၅၀ ဖြင့် အာမခံရရှိပြီး အချုပ်လွတ်ဖြင့် တရားရင်ဆိုင်နေသူဖြစ်ကာ ယနေ့ရုံးချိန်းတွင် တရားလိုသင်းသင်း၏ ရှေ့နေက ဝေဠုကျော်အနေဖြင့် လာမည့် ရုံးချိန်းများတွင် မပျက်မကွက် လာရောက်ရန် ရုံးတော်သို့ လျှောက်ထားခဲ့သည်။

S-03