News

POST TYPE

NEWS

လှိုင်သာယာဆေးရုံတွင် အမျိုးသားတစ်ဦးက ကတ်ကြေးဖြင့် လိုက်ထိုး၍ ခြောက်ဦး ဒဏ်ရာရ
19-Jun-2019

ရန်ကုန်၊ ဇွန် ၁၉

လှိုင်သာယာမြို့နယ်ဆေးရုံတွင် ဇွန် ၁၉ ရက် နံနက် ၃ နာရီက အမျိုးသားတစ်ဦးက ကတ်ကြေးဖြင့် လိုက်ထိုးသဖြင့် ရဲတပ်ဖွဲ့ဝင် နှစ်ဦး၊ သူနာပြု အမျိုးသားတစ်ဦးနှင့် အရပ်သားသုံးဦး ထိုးသွင်းပြတ်ရှ ဒဏ်ရာများ ရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

ကတ်ကြေးဖြင့်ထိုးသူမှာ ယင်းမြို့နယ်ရှိ အပြင်ပဒံကျေးရွာတွင် နေထိုင်သူ အသက် ၃၈ နှစ် ကျော်မိုးဖြစ်ပြီး ဇွန် ၁၉ ရက် နံနက် ၂ နာရီခွဲခန့်က လှိုင်သာယာမြို့နယ်၊ (၈) ရပ်ကွက်၊ မကွေးလမ်းရှိ ဘီယာဆိုင်ရှေ့လမ်းပေါ်တွင် ဦးခေါင်းနှင့် ပါးတွင် စုတ်ပြဲဒဏ်ရာများဖြင့် ထိုင်နေကြောင်းကို သတင်းရရှိသဖြင့် နယ်ထိန်းရဲတပ်ဖွဲ့ဝင် နှစ်ဦးက သွားရောက်ခေါ်ဆောင်ပြီး လှိုင်သာယာဆေးရုံသို့ ပို့အပ်ခဲ့သည်။

ဆေးရုံရောက်ရှိလာသူ ကျော်မိုးအား ပြင်ပလူနာဌာနတွင် မှုခင်းဆေးစာတာဝန်ကျ ရဲတပ်ကြပ်က ရဲဆေးစာ ရေးပြီးနောက် ဆေးရုံဝန်ထမ်း သူနာပြုအမျိုးသားမှ ကျော်မိုး၏ ဦးခေါင်းဒဏ်ရာကို ဆေးကုသပေးရန် ဆေးကြောပေးနေစဉ် ၎င်းက ကုတင်ပေါ်မှ ရုတ်တရက်ထထိုင်ပြီး စတီးဗန်းထဲရှိ ကတ်ကြေးကိုယူ၍ အနီးရှိ လူများကို အကြောင်းမဲ့ လိုက်လံထိုးပြီး ဆေးရုံအပြင်သို့ ထွက်ပြေးစဉ် ရဲတပ်ဖွဲ့က ပိတ်ဆို့ ဖမ်းဆီးနိုင်ခဲ့သည်။

ကတ်ကြေးဖြင့် ထိုးခံရသည့် ရဲတပ်ကြပ်နှင့် ဒုတပ်ကြပ်တို့မှာ ကျောကုန်းနှင့် နံစောင်းတွင် ထိုးသွင်းဒဏ်ရာ တစ်ချက်စီ ရရှိခဲ့ပြီး အမျိုးသားသူနာပြုမှာ ဘယ်လက်မောင်း ထိုးသွင်းဒဏ်ရာတစ်ချက်၊ အရပ်သားဖြစ်သော အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးတစ်ဦးတွင် ကျောကုန်း၊ ခါးနှင့် ပခုံးတို့တွင် ထိုးသွင်းပြတ်ရှဒဏ်ရာများ ရရှိခဲ့သဖြင့် ကျော်မိုးအား လှိုင်သာယာမြို့မ ရဲစခန်းမှ (ပ) ၃၆၅၉/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၃၃/၃၂၄ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

S-03