News

POST TYPE

NEWS

တရုတ်နိုင်ငံတွင် အင်အားပြင်းမြေငလျင်ကြီးလှုပ်ခတ်၊ လူ ၁၂ ဦးသေဆုံးပြီး ၁၀၀ ကျော်ဒဏ်ရာရ၊ အဆောက်အအုံများ ပြိုကျပျက်စီး
19-Jun-2019


ဘေဂျင်း၊ ဇွန် ၁၈ 

တရုတ်ပြည်သူ့သမ္မတနိုင်ငံ အနောက်တောင်ဘက်ဒေသရှိ စီချွမ်ပြည်နယ်တွင် အင်အားပြင်းထန်သည့် မြေငလျင်ကြီးတစ်ခု လှုပ်ခတ်သွားရာ အနည်းဆုံး လူ ၁၂ ဦး သေဆုံးပြီး ၁၀၀ ကျော်ထိခိုက်ဒဏ်ရာရ ရှိသွားကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။ 

မြေငလျင်ပြင်းအားမှာ ၆ ဒသမ ဝ ရှိပြီး ချန်နင်းကောင်တီ၊ ယီဘင်အနီးတွင် တနင်္လာနေ့ (ဇွန် ၁၇ ရက်) နေ့ညပိုင်းက လှုပ်ခတ်သွားခြင်းဖြစ်သည်ဟု အစိုးရအာဏာပိုင်များက ပြောကြားသည်။ မြေငလျင်လှုပ်ခတ်ပြီး နောက်ဆက်တွဲ ငလျင်ငယ်များလည်း ဆက်လက်လှုပ်ခတ်ခဲ့သည်ဟု ဆိုသည်။ 



ကယ်ဆယ်ရေးအဖွဲ့ဝင်များသည် ငလျင်ကြောင့်ပြိုကျပျက်စီးသွားသော အဆောက်အအုံများအောက်တွင် ပိနေသည့် သေဆုံးသူရုပ်အလောင်းများနှင့် အသက်ရှင်နေသူများကို ကြိုးစားပန်းစား ဆွဲထုတ်လျက်ရှိသည်။ 

ငလျင်ကြောင့် အဆောက်အအုံများစွာ ပျက်စီး သို့မဟုတ် ပြိုကျသွားခဲ့သလို လူပေါင်း ၄၀၀၀ ကျော်မှာလည်း နေရာ ရွှေ့ပြောင်းခဲ့ကြရသည်။ 

တရုတ်နိုင်ငံပိုင် CCTV သတင်းဌာန၏ ထုတ်လွှင့်တင်ဆက်မှုတွင် ပြိုကျ ပျက်စီးနေသော အဆောက်အအုံတစ်ခု အတွင်း ပိတ်မိနေသူတစ်ဦးကို အသက်ရှင် လျက် ကယ်ထုတ်နေပုံကိုတွေ့မြင်ရသည်။ အလားတူအမျိုးသမီးတစ်ဦးကို ကယ်ဆယ် ရေးအဖွဲ့ဝင်များက ပြိုနေသည့်တိုက် တစ်တိုက်အောက်မှ ဆွဲထုတ်နေပုံများကို လည်း တွေ့ရသည်။ Xinhua သတင်းဌာန၏ ရေးသားဖော်ပြချက်အရ မြေငလျင်ဗဟိုချက်နှင့် အလွန်နီးကပ်သည့်နေရာတွင်ရှိသော ဟိုတယ်တစ်ခုမှာ ပြိုလဲပျက်စီးသွားခဲ့သည်။ သို့သော် ယင်းဟိုတယ်ထဲတွင် ရှိနေသူ မည်မျှ ထိခိုက်ဒဏ်ရာရရှိသွားသည်ကို ထုတ်ပြန်နိုင်ခြင်းမရှိသေးပေ။ 

ချန်ဒူမြို့တွင်မူ ငလျင်မလှုပ်မီ တစ်မိနစ်အလို၌ မြေငလျင်သတိပေးစနစ် ပွင့်ခဲ့ကြောင်း သိရသည်။ ယီဘင်တွင်မူ ငလျင်မလှုပ်မီ စက္ကန့်ပိုင်းအလိုတွင်သာ အချက်ပေးနိုင်ခဲ့သည်ဟု ဆိုသည်။ 

သို့သော် Xinhua သတင်းဌာနက ငလျင်မလှုပ်မီ ၃ စက္ကန့်ကြိုတင်အသာစီးရကာ သိရှိနိုင်ခဲ့မှုက ထိခိုက်သေကျေမှုများကို ၁၄ ရာခိုင်နှုန်းအထိ ကာကွယ်ပေးနိုင်ကြောင်း ဖော်ပြသည်။ 

ချန်နင်းကောင်တီတွင်မူ လူကိုးဦး သေဆုံးသွားခဲ့ပြီး ကီဇီယန်ကောင်တီတွင်မူ သုံးဦးသေဆုံးသွားခဲ့ကြောင်း ယီဘင် အုပ်ချုပ်ရေးအဖွဲ့က Twitter ကဲ့သို့သော Weibo အကောင့်မှတစ်ဆင့် သတင်းထုတ်ပြန်သည်။ 

အခြားသတင်းများအရ အဆိုပါ ငလျင်ကြောင့် ဒဏ်ရာရရှိသွားသူ ၁၃၀ ကျော်ရှိသည့်အနက် ၅၀ ကျော်ခန့်မှာ ဆေးရုံနှစ်ခုတွင် ကုသမှုခံယူလျက်ရှိသည် ဟု သိရသည်။ 

ငလျင်လှုပ်ခတ်မှုကြောင့် ပြိုကျ ပျက်စီးသွားသောနေရာများတွင် ကယ်ဆယ် ရေးလုပ်ဆောင်ရန် မီးသတ်ဝန်ထမ်း ၅၀၀ ကျော်ခန့်စေလွှတ်ထားသည်။ ထို့ပြင် ရွက်ဖျင်တဲ ၅၀၀၀ အပါအဝင် အခြားအရေး ပေါ် အထောက်အပံ့ပစ္စည်းများကို ကယ် ဆယ်ရေးဝန်ထမ်းများနှင့်အတူ ပေးပို့ထား သည်ဟု အာဏာပိုင်များကဆိုသည်။ 

F-01



  • VIA