News

POST TYPE

NEWS

သာယာဝတီမြို့နယ် NLD ပြန်ကြားရေးတာဝန်ခံကို ၆၆(ဃ) ဖြင့် ထောင် ၆ လအမိန့်ချ
18-Jun-2019
သာယာဝတီ၊ ဇွန် ၁၈

ပဲခူးတိုင်း လူမှုရေးဝန်ကြီးဟောင်းကို ဖေ့စ်ဘွတ်ခ်အကောင့်တစ်ခုက ဂုဏ်သိက္ခာကျဆင်းအောင် ရေးသားထားသည်ကို သာယာဝတီမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီပြန်ကြားရေး တာဝန်ခံ ကိုဝင်းထွန်းဇော်က ပြန်လည်ကူးယူဖော်ပြသည်ဆိုကာ ၎င်းကို ၆၆ (ဃ) ဖြင့် သာယာဝတီခရိုင် တရားရုံးက ထောင်ဒဏ် ၆ လကျခံရန် ဇွန်လ ၁၇ ရက်တွင် အမိန့်ချခဲ့သည်။

စည်ပင်နှင့် လူမှုရေးဝန်ကြီးအဖြစ် ဦးမောင်မောင်လွင် တာဝန်ထမ်းဆောင်ချိန် ယင်းသို့ကူးယူဖော်ပြခဲ့သဖြင့် ယမန်နှစ် မတ်လဆန်းက ၆၆ (ဃ) ဖြင့် ၎င်းက အမှုဖွင့် တရားစွဲဆိုခဲ့ခြင်းဖြစ်ရာ သာယာဝတီ မြို့နယ်တရားရုံးက ထောင်ဒဏ်တစ်ရက်နှင့် ငွေဒဏ်သုံးသိန်း အမိန့်ချခဲ့ပြီးဖြစ်သည်။ သို့သော် တရားလိုက ခရိုင်တရားရုံးသို့ ဆက်တက်သဖြင့် စစ်ဆေးပြီးနောက် ထောင် ၆ လ အမိန့်ချခဲ့ခြင်းဖြစ်သည်။

ဦးမောင်မောင်လွင်၏ အကျိုးဆောင်ရှေ့နေ ဦးဇော်ညီညီစိန်က “ဇွန်လ ၁၇ ရက်မှာ အမိန့်ချပါတယ်။ ထောင်ခြောက်လ အမှန်တကယ် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) က ထောင် ၂ နှစ်အထိဖြစ်ပါတယ်။ ကျွန်တော်တို့ ဥပဒေအရပဲ ဆောင်ရွက်မှာပါ။ တိုင်းဒေသကြီးတရားရုံးကို ကျွန်တော်တို့ ပြင်ဆင်ချက်ထပ်တက်ဖို့ ပြင်ဆင်နေပါတယ်”ဟု ပြောကြားသည်။

တရားစွဲခံရသူ ကိုဝင်းထွန်းဇော်က ၎င်းကို အမိန့်ချခြင်းသည် တစ်ဖက်သား သိက္ခာကျဆင်းစေရန် တင်ထားသည်ကိုတွေ့ရ၍ အမိန့်ချခြင်းမဟုတ်ဘဲ ထိုအချိန်က လူပြောများသည့်ကိစ္စဖြစ်နေ၍ ဖုန်းမှတ်စုတွင် ဒိုင်ယာရီသဖွယ် ကူးယူထားသည်ကို တရားလိုကတင်ပြသည့် သက်သေခံစာသားနှင့်တူသဖြင့် တရားစွဲခံရခြင်းသာဖြစ်ကြောင်း ပြောကြားသည်။

ထို့ပြင် ယင်းစာသားကိုလည်း အခြား စာနယ်ဇင်းတစ်ခုက ကူးယူထားကြောင်း သက်သေခံတင်ပြထားကြောင်း၊ သို့သော် မှုခင်းရဲတပ်ဖွဲ့က ယင်းသို့ဖော်ပြထားသည်ကို မတွေ့ရကြောင်း၊ မှတ်စုထဲတွင်သာ တွေ့ရှိကြောင်း အကြောင်းပြန်ကြားကြောင်း အမိန့်ချခံရသူ ကိုဝင်းထွန်းဇော်က ရှင်းပြသည်။

R-19