News

POST TYPE

NEWS

ဆန္ဒပြပြည်သူတစ်ရပ်လုံးကို ဟောင်ကောင်အုပ်ချုပ်ရေးမှူးတောင်းပန်၊ အငြင်းပွားဖွယ်ဥပဒေမူကြမ်း ဖျက်သိမ်းပစ်ဖွယ်ရှိ
18-Jun-2019

ဟောင်ကောင်၊ ဇွန် ၁၈

တရုတ်ပြည်မကြီးသို့ တရားခံလွှဲပြောင်းပေးရေးဆိုင်ရာ ဥပဒေမူကြမ်းကိုမကျေနပ်၍ ပြည်သူထောင်ပေါင်းများစွာ အင်အားအလုံးအရင်းဖြင့် ဆန္ဒပြခဲ့ကြသည့်ကိစ္စနှင့်ပတ်သက်ပြီး ဟောင်ကောင်အုပ်ချုပ်ရေးမှူး ကယ်ရီလမ်က ပြည်သူများကို အနူးအညွတ်တောင်းပန်လိုက်ပြီဖြစ်ရာ အဆိုပါအငြင်းပွားဖွယ်ဥပဒေကို အတည်ပြုမည့်အလားအလာ မရှိတော့သည်ကို ဖော်ပြလိုက်ရာရောက်ကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။

ဟောင်ကောင်တွင် ယင်းဥပဒေ မူကြမ်းအတည်ပြုမည်ကို ကန့်ကွက်သည့်အနေနှင့် ပြည်သူထောင်ပေါင်များစွာက လမ်းမများကိုပိတ်ဆို့ကာ ရက်အတန်ကြာ ဆန္ဒပြခဲ့ကြသည်။ 

ဆန္ဒပြပြည်သူများတောင်းဆိုသည့် အချက်နှစ်ချက်မှာ ယင်းဥပဒေမူကြမ်းဖျက်သိမ်းရန်နှင့် မစ္စကာရီလမ်ရာထူးမှ နုတ်ထွက်ရန်ဖြစ်သည်။

အင်္ဂါနေ့က မိန့်ခွန်းပြောဆိုရာတွင် မစ္စကာရီလမ်က ပြည်သူများ၏တောင်းဆိုချက်တို့နှင့်ပတ်သက်၍ လိုက်လျောမည်ဟု ကတိပြုခြင်းမျိုးမရှိခဲ့သော်လည်း ပြည်သူများ၏ စိုးရိမ်ထိတ်လန့်မှုများကို မဖြေရှင်းပေးနိုင်သေးသရွေ့  ယင်းဥပဒေကိစ္စကို ပြန်လည်စတင်မည်မဟုတ်ဟုဆိုသည်။ 

“ကျွန်မမှာ ပုဂ္ဂိုလ်ရေးအရ တာဝန် အမြောက်အမြားကို ထမ်းဆောင်ရဖို့ရှိနေပါတယ်။ ဒီကိစ္စကြောင့် အငြင်းပွားမှုတွေ၊ အချေအတင်ပြောစရာတွေ၊ စိုးရိမ်စိတ်တွေ ဟောင်ကောင်လူ့အဖွဲ့အစည်းထဲမှာ ဖြစ်ခဲ့ရပါတယ်”ဟု ဟောင်ကောင်အုပ်ချုပ်ရေးမှူး ကာရီလမ်က ပြောကြားသည်။

“အဲဒီအတွက်ကြောင့် ဟောင်ကောင် ပြည်သူတစ်ရပ်လုံးကို ကျွန်မအနေနဲ့ အနူးအညွတ် တောင်းပန်လိုပါတယ်”ဟု ၎င်းက ဆက်လက်ပြောကြားသည်။ 

ယမန်နေ့ ဆန္ဒပြပွဲတွင် အနက်ရောင် လူပင်လယ်ကြီး (တီရှပ်အနက်များ ဝတ်ဆင်ထားသည်) က ဟောင်ကောင်၏ အထင်ကရ လမ်းမကြီးများကိုဖြတ်ကာ ပါလီမန်ရှိရာသို့ ချီတက်လမ်းလျှောက်ခဲ့ကြသည်။ 
ဆန္ဒပြသူ အရေအတွက် အတိအကျကို ခန့်မှန်းရန်ခက်ခဲပြီး ၂ သန်းခန့်ဟုဆိုကြသည်။ သို့သော် ဟောင်ကောင်သမိုင်းကြောင်းတွင် လူထုအင်အား အများဆုံးပါဝင်သည့် ဆန္ဒပြပွဲအဖြစ် သတ်မှတ်၍ရကြောင်း မီဒီယာများက ဖော်ပြကြသည်။ 

အတိတ်ကာလက ဟောင်ကောင်တွင် အကြီးမားဆုံးသောဆန္ဒပြပွဲမှာ ၁၉၈၉ ခုနှစ်အတွင်းကပေါ်ပေါက်ခဲ့ပြီး ထိုစဉ်က တရုတ်ပြည်မကြီးတွင်ဖြစ်ပေါ် နေသော တိန်ယန်မင်ရင်ပြင်ဆန္ဒပြမှုကြီးကို ပံ့ပိုးသည့်အနေနှင့် ဟောင်ကောင်ပြည်သူများဆန္ဒပြခဲ့ခြင်းဖြစ်သည်။ ထိုစဉ်က ဟောင်ကောင်ဆန္ဒပြပွဲတွင် လူ ၁ ဒသမ ၅ သန်းခန့် ပါဝင်ခဲ့သည်ဟု သိရသည်။

အကျဉ်းထောင်မှပြန်လည်လွတ် မြောက်လာသည့် ကျောင်းသားခေါင်းဆောင် ဂျော်ရှုဝါက “မကောင်းဆိုးဝါးဥပဒေ ဖျက်သိမ်းရေးတိုက်ပွဲကြီးမှာ ကျွန်တော် ပူးပေါင်းပါဝင်သွားမှာပါ”ဟု ပြောကြားသည်။ 
“ယခုအချိန်ဟာ ဟောင်ကောင် အုပ်ချုပ်ရေးမှူး ကာရီလမ်အနေနဲ့ ရာထူးကနုတ်ထွက်ပေးရမယ့်အချိန်ဖြစ်တယ်လို့ ကျွန်တော်ယုံကြည်ပါတယ်”ဟု ဂျော်ရှုဝါက ဆက်လက်ပြောကြားသည်။

F-01