News

POST TYPE

NEWS

မွန်ပြည်နယ်ဝန်ကြီးချုပ်ကို အဂတိတိုက်ဖျက်ရေးကော်မရှင်ထံ တိုင်ကြား
18-Jun-2019

မော်လမြိုင်၊ ဇွန် ၁၈

မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံသည် ငွေရေးကြေးရေး လုပ်ထုံးလုပ်နည်းများနှင့်မညီဘဲ လုပ်ကိုင်ခဲ့သည်ဟုဆိုကာ စုံစမ်းစစ်ဆေးပေးရန် အဂတိတိုက်ဖျက်ရေးကော်မရှင် (ရန်ကုန်ရုံးခွဲ) သို့ ဇွန်လ ၁၈ ရက်နေ့ ရက်စွဲဖြင့် ဒေသခံ ၉ ဦးက တိုင်ကြားခဲ့သည်။

အဆိုပါတိုင်ကြားစာကို တင်ဒါလုပ်ထုံးလုပ်နည်း ငွေရေးကြေးရေး လုပ်ထုံလုပ်နည်းများနှင့်မညီဘဲ လုပ်ကိုင်ခဲ့သည့်အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေနှင့် ငြိစွန်းမှု ရှိ၊ မရှိ ဥပဒေနှင့်အညီ စုံစမ်းစစ်ဆေးပေးနိုင်ရန်နှင့် လိုအပ်သလို အရေးယူဆောင်ရွက်ပေးနိုင်ရန်ဟုဆိုကာ တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း တိုင်စာပေးပို့သူများထံမှ စုံစမ်းသိရှိရသည်။

မွန်ပြည်နယ်၊ ရေးမြို့နယ် အောင်သပြေ- နှစ်ကရင်လမ်းပိုင်း၊ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းနှင့် ကျိုက်ထီးရိုးအမှိုက် ဖျက်ဆီးစက်လုပ်ငန်းအကြောင်းကို အဓိက တိုင်ကြားထားခြင်းဖြစ်ကြောင်း ယင်းတိုင်စာအရ သိရသည်။

“ဒီလိုအဂတိကို တိုင်ကြားလိုက်တဲ့အပေါ် ကျွန်တော်တို့ လက်ခံနိုင်ပါတယ်။ ဘာလို့လည်းဆိုတော့ မေးခွန်းနဲ့ပတ်သက်ပြီး ဝန်ကြီးချုပ် ဖြေဆိုလိုက်တာ အခုထိ ရှင်းလင်းမှုမရှိခဲ့ဘူး” အောင်သပြေ- နှစ်ကရင်လမ်းကွန်ကရစ် လမ်းခင်းခြင်းနှင့်ပတ်သက်၍ လွှတ်တော်တွင် မေးခွန်းမေးမြန်းခဲ့သည့် လွှတ်တော် ဒုဥက္ကဋ္ဌ ဒေါက်တာ အောင်နိုင်ဦးက ပြောဆိုသည်။

ကနဦးတွင် နိုင်ငံတော်အတိုင်ပင်ခံ ညွှန်ကြားချက်နှင့် လုပ်ဆောင်သည်ဟုပြောဆိုခဲ့ပြီးနောက် ဦးဇော်ဌေး၏ ပြောဆိုမှုအရ အတိုင်ပင်ခံနှင့်မသက်ဆိုင်ကာ ဝန်ကြီးချုပ်က ရှင်းရမည်ဖြစ်ကြောင်း၊ ယင်းနောက် မီဒီယာရှင်းလင်းပွဲတွင်မူ အစိုးရအစည်းအဝေး ဆုံးဖြတ်ချက်နှင့် လုပ်သည်ဟုပြောဆိုခဲ့သဖြင့် ယင်းကိစ္စရပ်နှင့်ပတ်သက်၍ ရှင်းလင်းစွာ မသိရသေးကြောင်း ၎င်းက ပြောကြားသည်။

R-21