News

POST TYPE

NEWS

ဦးဝီရသူကို တရားခံပြေးဟု သုံးစွဲခေါ်ဝေါ်သူများကို တရားစွဲဆိုမည်ဟုဆို
18-Jun-2019

မန္တလေး၊ ဇွန် ၁၈

ဖမ်းဝရမ်းထုတ်ခံထားရသည့် ဦးဝီရသူကို အနောက်ပိုင်းခရိုင်တရားရုံးမှ တရားခံပြေးဟု ထုတ်ပြန် ကြေညာခြင်းမရှိဘဲ စွပ်စွဲခေါ်ဝေါ်နေသူများကို တရားစွဲဆိုသွားမည်ဖြစ်ကြောင်း ဦးကျော်မျိုးဆွေက ယနေ့ (ဇွန် ၁၈) ရက်နေ့တွင် ပြောဆိုလိုက်သည်။

မဟာအောင်မြေတရားရုံးတွင် Myanmar Now အယ်ဒီတာချုပ် ကိုဆွေဝင်းကို တရားစွဲဆိုထားသည့် ရုံးချိန်သို့ လာရောက်စဉ် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

“ဒီကနေ့မှာဆိုရင် စွပ်စွဲခံရသူရဲ့ ရှေ့နေကိုယ်တိုင်က တရားရုံးမှ ဦးဝီရသူကို တရားခံပြေးလို့ သုံးနှုန်းပြီးတော့ စာတင်ထားတာတွေ့တယ်။ ဒါကို ကာယကံရှင်က တာဝန်ယူရပါမယ်။ ဆရာတော်နဲ့ပက်သက်ပြီးတော့ တရားရုံးက တရားခံပြေးအဖြစ် မကြေညာသေးပါဘူး။ ဒါကို သုံးနှုန်းနေကြတာတွေကို ကျွန်တော်တို့ တရားစွဲသွားမယ်။ သုံးတဲ့လူတိုင်းကိုစွဲမယ်”ဟု ၎င်းက ဆိုသည်။

ဦးကျော်မျိုးရွှေက Myanmar Now အယ်ဒီတာချုပ် ကိုဆွေဝင်းကို တရားလိုပြုလုပ်တရားစွဲဆိုထားသည့် အမှုတွင် တရားလိုပြသက်သေများဖြစ်သည့် ဦးဝီရသူ၊ အုပ်ချုပ်ရေးအဖွဲ့မှ ဦးကျော်စွာထွန်းနှင့် အမှုစစ်ရဲအရာရှိ ရဲအုပ်ကျော်သူတို့မှာ သက်သေလာရောက်ထွက်ဆိုရန် အကြိမ်ကြိမ်ပျက်ကွက်ခဲ့သည့်အပြင် ဦးဝီရသူမှာ ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံးတွင် ပုဒ်မ ၁၂၄ (က) နိုင်ငံတော် အကြည်ညိုပျက်စေမှုဖြင့် ဖမ်းဝရမ်းထုတ်ခံထားရပြီး တိမ်းရှောင်နေသကဲ့သို့ ရဲအုပ်ကျော်သူမှာလည်း အဂတိလိုက်စားမှုဖြင့် အမှုဖွင့်ခံထားရသောကြောင့် ရှောင်တိမ်းနေသည်။

M-04