News

POST TYPE

NEWS

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ခရီးသွားဝင်ရောက်မှု ၁၀ သိန်းခန့်တိုး
16-Jun-2019


ရန်ကုန်၊ ဇွန် ၁၆

ယခုနှစ်၏ ပထမလေးလကာလအတွင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ခရီးသည်ပေါင်း ၂ ဒသမ ၃၂ သန်းဝင်ရောက်ခဲ့ပြီး ယခင်ကာလတူနှစ်ထက် ၁၀ သိန်းခန့်ပိုမိုဝင်ရောက်ခဲ့ကြောင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်လုပ်ငန်းများ တာဝန်ယူလုပ်ကိုင်နေသည့် Yangon Aerodrome ကုမ္ပဏီ (YACL) ၏စာရင်းများအရ သိရသည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ နိုင်ငံတကာမှ ခရီးသည်ဝင်ရောက်မှုသည် ၂၀၁၈ ခုနှစ်၏ လေးလတာကာလတွင် ၂ ဒသမ ၂၂ သန်းဝင်ရောက်ခဲ့ပြီး ယခု ၂၀၁၉ ခုနှစ်တွင် ၂ ဒသမ ၃၂ သန်း ဝင်ရောက်ခဲ့သောကြောင့် ရာခိုင်နှုန်းဖြင့်တွက်ချက်ပါက ၄ ဒသမ ၂ ရာခိုင်နှုန်း တိုးတက်လာခဲ့ခြင်းဖြစ်ကြောင်း YACL ထံမှ သိရသည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်အတွင်း နိုင်ငံတကာမှ ခရီးသွားဝင်ရောက်မှု ပိုမိုလာစေရန် လုပ်ဆောင်လျက်ရှိပြီး ၂၀၁၉ ခုနှစ် မေလကုန်အထိ လေကြောင်းလိုင်း ၃၀ ကို လက်ခံဝန်ဆောင်မှုပေးခဲ့ကာ အာရှဒေသတွင်း နိုင်ငံ ၁၁ နိုင်ငံမှ မြို့ပေါင်း ၂၈ ခုနှင့် ချိတ်ဆက်ကာ ခရီးစဉ်များပြေးဆွဲခဲ့ကြောင်း ယင်းကုမ္ပဏီထံမှ သိရသည်။

မြန်မာနိုင်ငံအတွင်း လေကြောင်းလိုင်းဖြင့် ခရီးသွားဝင်ရောက်မှုသည် ၂၀၁၈ ခုနှစ်မေကုန်အထိ ငါးသိန်းခြောက်သောင်းကျော်ရှိခဲ့ပြီး ၂၀၁၉ ခုနှစ် မေလကုန်တွင် ခုနစ်သိန်းနှစ်သောင်းအထိ မြင့်တက်ခဲ့ကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ စာရင်းများအရ သိရသည်။
 
ပြည့်ဖြိုးမြင့်မွန်