News

POST TYPE

NEWS

နိုင်ငံရေး၊ လူမှုရေးများတွင် ပါဝင်ကာ သွေးထိုးလှုံ့ဆော်နေသူများ ရဟန်းမဖြစ်ထိုက်ကြောင်း သာသနာရေး ထုတ်ပြန်
16-Jun-2019

ရန်ကုန်၊ ဇွန် ၁၆

နိုင်ငံရေး၊ လူမှုရေးကိစ္စများတွင် ဝင်ရောက်ဆောင်ရွက်ပြီး ရပ်ရွာအေးချမ်းသာယာရေးနှင့် တည်ငြိမ်ရေးကို ထိခိုက်အောင် သွေးထိုးလှုံ့ဆော်နေသူများသည် “ရှင်ရဟန်းများ”မဖြစ်ထိုက်ကြောင်း သာသနာရေးနှင့် ယာဉ်ကျေးမှုဝန်ကြီးဌာနက ထုတ်ပြန်ချက်တစ်စောင်ကို ထုတ်ပြန်လိုက်သည်။

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ရဟန်းသံဃာများနှင့်ပတ်သတ်သည့် အချက် ကိုးချက်ပါဝင်သည့် ထုတ်ပြန်ချက်တစ်စောင်ကို ဇွန်လ ၁၆ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

သာသနာ့ဝန်ထမ်း ရှင်ရဟန်းများ၏ အဓိကတာဝန်မှာ သာသနာနှစ်ဖြာကို ကျင့်ကြံအားထုတ်တော်မူရန်သာ ဖြစ်သော်လည်း သာသနာတော် ညှိုးနွမ်းစေသူ၊ သံဃာအဖွဲ့အစည်းအသီးသီး၏ ဩဝါဒခံယူခြင်းမရှိသူ၊ ဝိနည်းသိက္ခာနှင့်အညီ ကျင့်ကြံနေထိုင်ခြင်းမရှိသူ၊ နိုင်ငံရေး၊ လူမှုရေးကိစ္စရပ်များတွင် ဝင်ရောက်ဆောင်ရွက်ပြီး ရပ်ရွာအေးချမ်းသာယာရေးနှင့် တည်ငြိမ်ရေးကိုထိခိုက်အောင် သွေးထိုးလှုံ့ဆော်နေသူများသည် “ရှင်ရဟန်းများ”မဖြစ်ထိုက်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

အလားတူ ၎င်းတို့သည် သင်္ကန်းဝတ် အရေခြုံများသာဖြစ်ပြီး မြန်မာနိုင်ငံတစ်ဝန်းတွင် ၎င်းတို့၏ ပြုမူဆောင်ရွက်ချက်များကြောင့် ထေရဝါဒ ဗုဒ္ဓသာသနာမှာ ဂုဏ်သိက္ခာ ညှိုးနွမ်းကျဆင်းနေရကြောင်း ယင်းအတွက်ကြောင့် အခြေအနေအချိန်အခါနှင့်အညီ သာသနာတော် သန့်ရှင်းရေးဆောင်ရွက်မှသာလျှင် ထေရဝါဒအုတ်မြစ် ခိုင်မာမည်ဖြစ်ကာ သံဃာအဖွဲ့အစည်းအဆင့်ဆင့်၊ အစိုးရနှင့် ပြည်သူများက သာသနာတော် သန့်ရှင်းရေးကို တက်ညီလက်ညီ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်နိုင်မှသာလျှင် သာသနာတော်ကြီး အရှည်ခန့်ကာ တည်တံ့မည်ဖြစ်ကြောင်းလည်း ဖော်ပြထားသည်။

ထို့ပြင် အဆိုပါထုတ်ပြန်ချက်တွင် ဆရာတော်ဟု မခေါ်ဆိုထိုက်သည့်အချက်များကိုလည်း ထည့်သွင်းထုတ်ပြန်ထားပြီး သာသနာတော်ကို အလေးမထားသူ၊ ဝိနည်းသိက္ခာပုဒ်ကို မစောင့်ထိန်းသူသည် သင်္ကန်းဝတ်သာဖြစ်၍ ရာဇဝတ်ပြစ်မှုထိုက်သူ၊ အာဏာစက်ဖြင့် အရေးယူခံရသူ၊ ဥပဒေကျူးလွန်သူ ဝရမ်းပြေးဖြစ်နေပါက ဆရာတော်ဟုမခေါ်ထိုက်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါထုတ်ပြန်ချက်အပိုဒ်များ၏ ရည်ညွှန်းချက်များအရ အမျိုးသားရေးလှုပ်ရှားသူ လက်ရှိတွင် ဖမ်းဝရမ်းထုတ်ခံထားရသူဖြစ်သည့် ဆရာတော် ဦးဝီရသူကို ရည်ညွှန်းသည်ဟု ယူဆမှုများရှိနေသော်လည်း ယင်းထုတ်ပြန်ချက်တစ်ခုလုံးတွင် မည်သည့် ရဟန်း၊ သံဃာ၊ အဖွဲ့အစည်းတစ်စုံတစ်ခု၏ အမည်ကိုများကို ရည်ညွှန်းဖော်ပြထားခြင်းလည်း မရှိခဲ့ပေ။

အဆိုပါ သတင်းထုတ်ပြန်ချက်နှင့်ပတ်သတ်၍ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးအောင်ဆန်းဝင်းကို ဆက်သွယ်မေးမြန်းရာ ထုတ်ပြန်ချက်တွင် ထုတ်ပြန်ထားသည့်အတိုင်းသာဖြစ်ကြောင်း ပြောစရာမရှိကြောင်း ပြန်လည်ဖြေကြားသည်။

“ကျွန်တော်တို့ ထုတ်ပြန်ထားတဲ့အတိုင်းပါပဲ။ နာမည်တွေ မပါပါဘူးခင်ဗျ။ ကျွန်တော်တို့ သတင်းထုတ်ပြန်ထားတဲ့အတိုင်းပါပဲ ခင်ဗျ”ဟု ၎င်းကဆိုသည်။

ထို့ကြောင့် ယင်းထုတ်ပြန်ချက်သည် မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုထဲတွင် ပါဝင်ခဲ့သည့် ဦးဥတ္တမနှင့် ဦးဝိစာရတို့ကိုပါ ၀ိနည်းနှင့်မညီဘဲ သင်္ကန်းစည်းထားသူများဟု စော်ကားလိုက်ခြင်းဖြစ်ကြောင်း အမျိုးသားရေး တက်ကြွလှုပ်ရှားသူ ကိုထူးဉာဏ်က ပြောသည်။

“ဒါဆိုရင် ဦးဝိစာရအ၀ိုင်းတို့၊ ဦဥတ္တမပန်းခြံတို့ကိုပါ ဖျက်လိုက်ပါ။ ပြီးတော့ သမိုင်းထဲကပါ ဖျောက်ဖျက်ပလိုက်ပါ”ဟု ၎င်းကဆိုသည်။

လက်ရှိတွင် ဆရာတော် ဦးဝီရသူ ဖမ်းဝရမ်းထုတ်ခံထားရမှုအပေါ် အမျိုးသားရေးသံဃာများနှင့် လူအဖွဲ့အစည်းများက ဆုတောင်းပွဲများ နေရာအနှံ့တွင် ဆက်တိုက်ဆိုသလို ပြုလုပ်နေကာ အဖိနှိပ်ခံသာသနာအတွက်ဆိုကာ တောင်းဆိုမှုများ ပြုလုပ်နေသည်။

ဦးဝီရသူသည် နိုင်ငံတော် အကြီးအကဲများအပေါ်တွင် အကြည်အညိုပျက်စေသည့် စကားလုံးများနှင့် မဖွယ်မရာ ပြောဆိုမှုများ ရှိခဲ့သည်ဆိုကာ အနောက်ပိုင်းခရိုင် အထွေထွေအုပ်ချုပ်ရေးမှူးက ပုဒ်မ ၁၂၄ (က) ဖြင့် တရားစွဲဆိုခဲ့ကာ တရားရုံးမှ ဖမ်းဝရမ်းထုတ်ထားသော်လည်း လက်ရှိအချိန်အထိ ဖမ်းဆီးရမိခြင်းမရှိသေးသဖြင့် ဇွန် ၁၈ ရက်တွင် ၎င်းကို မျက်ကွယ်၌ တရားစီရင်မည်ဖြစ်သည်။

J-08