News

POST TYPE

NEWS

တနင်္သာရီဝန်ကြီးချုပ်ဟောင်း လက်ထက် ဒေသဖွံ့ဖြိုးရေးအလှူငွေအားလုံးနီးပါးကို သုံးစွဲခဲ့
16-Jun-2019
ထားဝယ်၊ ဇွန် ၁၅

တနင်္သာရီတိုင်း ဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်လက်ထက်တွင် ဒေသဖွံ့ဖြိုးရေး အလှူငွေအားလုံးနီးပါးကို သုံးစွဲခဲ့ကြောင်း တိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ သိရသည်။

အသေးစားပြုပြင်ရမည့် စာသင်ကျောင်း၊ လမ်းတံတား အစရှိသည့် တည်ဆောက်ရေးလုပ်ငန်းများ၊ အထူးကုဆရာဝန်ကြီးများနှင့် နယ်လှည့်ကွင်းဆင်း ဆေးကုသခြင်း စသည်တို့တွင် အသုံးပြုခဲ့ပြီး ထေရ်ကြီးဝါကြီးဆရာတော်၊ သံဃာတော်များ၏ ဈာပနများတွင် လှူဒါန်းကြောင်း တနင်္သာရီတိုင်းဝန်ကြီးချုပ် ဦးမြင့်မောင်က ပြောသည်။

NLD အစိုးရစတင်တာဝန်ယူသည့် ၂၀၁၆ ခုနှစ် ဧပြီလမှ ယခုနှစ်မတ်လကုန်အထိ အလှူငွေ ကျပ်သိန်းခြောက်ထောင် (၆၂၃၄ သိန်း) ကျော်ရရှိခဲ့ပြီး ဒေါက်တာလဲ့လဲ့မော်လက်ထက်တွင် ကျပ်သိန်းခြောက် ထောင်နီးပါး (၅၈၆၉ သိန်းကျော်) သုံးစွဲခဲ့ကြောင်း ဦးမြင့်မောင်က ဆိုသည်။

အဆိုပါ ဒေသဖွံ့ဖြိုးရေးအလှူငွေများကို ကုမ္ပဏီများ၊ ပုဂ္ဂလိကအလှူရှင်များနှင့် လူမှုရေးအဖွဲ့အစည်းများက လှူဒါန်းထားခြင်းဖြစ်သည်။

ယင်းအလှူငွေများကို ဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်က ကမ္ဘောဇဘဏ်နှင့် CB ဘဏ်တွင် စာရင်းဖွင့်ကာ အပ်နှံသုံးစွဲခဲ့ကြောင်း ဦးမြင့်မောင်က ဆိုသည်။

လက်ရှိတွင် အလှူငွေကျပ် ၃၆၄ သိန်းကျော် ကျန်ရှိနေသေးကြောင်း ၎င်းက ပြောသည်။

“လက်ရှိအခြေအနေမှာကတော့ ဗဟိုဘဏ်ကနေ ယာယီပိတ်ထားတယ်”ဟု ဝန်ကြီးချုပ် ဦးမြင့်မောင်က ဆိုသည်။

ဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်သည် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲခံထားရခြင်းကြောင့် ဘဏ်စာရင်းကို ပိတ်ထားခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

လက်ရှိဝန်ကြီးချုပ်လက်ထက်တွင် အလှူငွေကျပ်သိန်း ၅၀ လာလှူထားပြီး အဆိုပါငွေကို ဘဏ္ဍာရေးစည်းမျဉ်းနှင့် အညီသုံးစွဲနိုင်ရန် စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာနထံ တင်ပြထားကြောင်း ဦးမြင့်မောင်က ဆိုသည်။

တိုင်းအစိုးရအနေနှင့် အလှူငွေ မည်မျှရရှိနေသည်၊ မည်ကဲ့သို့ စီမံသုံးစွဲနေသည်ကို ဒေါက်တာလဲ့လဲ့မော် ဝန်ကြီးချုပ် တာဝန်ယူထားချိန်က Dawei Watch သတင်းဌာနက မေးမြန်းခဲ့ဖူးသည်။

သို့သော် ဒေါက်တာလဲ့လဲ့မော်က အလှူငွေနှင့်ပတ်သက်၍ ထုတ်ပြန်ပေးမည်ဟု ပြောဆိုခဲ့သော်လည်း ထုတ်ပြန်ပေးခဲ့ခြင်းမရှိပေ။ 

Dawei Watch


  • VIA