News

POST TYPE

NEWS

ဟန်းဆက်အရောင်းပြေစာများ၌ အခွန်ကပ်ရန်ပျက်ကွက်ကြောင်း သတင်းပေးက ဆုငွေချီးမြှင့်မည်
15-Jun-2019
ရန်ကုန်၊ ဇွန် ၁၅

တင်သွင်းရောင်းချသူများ၊ အရောင်းဆိုင်များက လက်ကိုင်ဖုန်းဟန်းဆက်နှင့် ဆက်စပ်အပိုပစ္စည်းများ ရောင်းချသည့် အရောင်းပြေစာအပေါ်တွင် အခွန်အမှတ်တံဆိပ် ကပ်နှိပ်ပေးရန်ပျက်ကွက်ကြောင်း သတင်းပေးတင်ပြပါက ဆုကြေးငွေ ချီးမြှင့်မည်ဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များ ဦးစီးဌာနထံမှ သိရသည်။

ဟန်းဆက်နှင့် ဆက်စပ်ပစ္စည်းများ ရောင်းချသည့် အရောင်းပြေစာပေါ်တွင် အခွန်အမှတ်တံဆိပ် ကပ်နှိပ်ရောင်းချခြင်းကို ဇွန်လ ၁ ရက်နေ့က စတင် အကောင်အထည်ဖော်ဆောင်ရွက်နေခြင်းဖြစ်ပြီး ဝယ်ယူသူများအနေနှင့် ယင်းပစ္စည်းများ ဝယ်ယူခြင်းအတွက် ကျသင့်သည့် စုစုပေါင်း တန်ဖိုးအပေါ်တွင် ကုန်သွယ်လုပ်ငန်းခွန် ၅ ရာခိုင်နှုန်း ထပ်မံကျသင့်မည်ဖြစ်သည်။

သတင်းပေးတိုင်ကြားသူများကို ပျက်ကွက်သည့်အခွန်၏ ၁၀၀ ရာခိုင်နှုန်းအဖြစ် တပ်ရိုက်သည့်ဒဏ်ငွေ၏ ၁၀ ရာခိုင်နှုန်း၊ ပျက်ကွက်သည့်အကြိမ်အလိုက် တပ်ရိုက်သည့်ဒဏ်ငွေ၏ ၁၀ ရာခိုင်နှုန်းပေးမည်ဖြစ်ပြီး ဆုကြေးငွေပမာဏသည် ပျက်ကွက်သည့်အခွန်နှင့် အကြိမ်အရေအတွက်အပေါ်မူတည်၍ အနည်းဆုံးပမာဏ ကျပ်နှစ်သောင်းမှ ကျပ်တစ်သိန်းနှင့် အထက်ရရှိနိုင်မည်ဖြစ်သည်။

ဝယ်ယူသူများအနေနှင့် ကျသင့်အခွန်နှင့်ညီမျှသည့် အခွန်အမှတ်တံဆိပ် ကပ်နှိပ်ထားသော ပြေစာများ တောင်းယူကြရန်နှင့် (အမှတ်တံဆိပ်သည် ကျပ်ငါးဆယ်တန် အနည်းဆုံးဖြစ်သဖြင့် အခွန်ကျပ် ငါးဆယ်အောက် တန်ဖိုးအတွက် အခွန် အမှတ်တံဆိပ် လျော့နည်းခြင်းမှအပ) ကျသင့် အခွန်နှင့် ညီမျှသည့် အခွန်အမှတ်တံဆိပ် ကပ်နှိပ်ထားခြင်းမရှိသော ပြေစာများ ထုတ်ပေးခြင်း သို့မဟုတ် ပြေစာထုတ်ပေးရန် ပျက်ကွက်ခြင်းများ တွေ့ရှိပါက သတင်းပေးတိုင်ကြားနိုင်မည်ဖြစ်သည်။

ယင်းတိုင်ကြားခြင်းများကို မည်သည့် အခွန်ရုံး၌မဆို အခွန်အမှတ်တံဆိပ်ကပ်နှိပ်ရန်/ လုံလောက်စွာ ကပ်နှိပ်ရန်ပျက်ကွက်သည့် ပြေစာမူရင်း၊ ပြေစာထုတ်ပေးရန် ပျက်ကွက်ခြင်းဖြစ်ပါက ထိုသို့ပျက်ကွက်ကြောင်း ခိုင်လုံစွာတင်ပြနိုင်သည့် လုံလောက်သည့်အထောက်အထား၊ ဆုကြေးငွေ ထုတ်ပေးနိုင်ရန်အတွက် တိုင်ကြားသူ၏ နိုင်ငံသားစိစစ်ရေးကတ်ပြားမိတ္တူတို့ဖြင့်တကွ တိုင်ကြားနိုင်ပြီး သတင်းပေးတင်ပြသူ မည်သူမည်ဝါဖြစ်ကြောင်း အစိုးရကိစ္စမှတစ်ပါး ထုတ်ဖော်မည်မဟုတ်ကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာနထံမှ သိရသည်။

ဖုန်းနှင့် ဆက်စပ်ပစ္စည်းအရောင်းဆိုင်များကို အခွန်အမှတ်တံဆိပ်ကပ်ရန် မေလတစ်လအတွင်း အခွန်အမှတ်တံဆိပ် ၇ ဒသမ ၈ ဘီလီယံကျော်ဖိုး ထုတ်ပေးထားကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာန (နေပြည်တော်) မှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေခိုင်က ပြောကြားထားသည်။

မရှင်းလင်းသည့်အချက်များကို ပြည်တွင်းအခွန်များဦးစီးဌာန(နေပြည်တော်) ဖုန်း ဝ၆၇- ၃၄၃၀၅၃၃၊ ဝ၆၇- ၃၄၃၀၅၂၂ သို့မဟုတ် အခွန်ဆိုင်ရာဝန်ဆောင်မှုရုံး (ရန်ကုန်) အမှတ် ၅၉/၆၁ မြေညီထပ်ပန်းဆိုးတန်းလမ်း ဖုန်း ဝ၁ - ၃၇၈၃၇၀၊ ဝ၁- ၃၇၈၃၇၂ သို့မဟုတ် အခွန်ဆိုင်ရာဝန်ဆောင်မှုရုံး (မန္တလေး) ဖုန်း ဝ၂- ၄၀၃၀၁၉၂ တို့ထံ မေးမြန်းစုံစမ်းနိုင်ကြောင်း ယင်းဌာနထံမှ သိရသည်။

J-11