News

POST TYPE

NEWS

မြွေတောင်မှ ကျောက်ထုတ်သည်ဟုဆိုကာ ရွာသားတစ်ဦးထံ ဇိုမီးလက်နက်ကိုင်အဖွဲ့ကကျည်ဆန်တစ်တောင့်နှင့် သတိပေးစာပို့
15-Jun-2019

ကလေး၊ ဇွန် ၁၅ 

မြွေတောင်ဒေသမှ ကျောက်များကို တူးဖော်ထုတ်ယူနေသည်ဟုဆိုကာ ဇိုမီး လက်နက်ကိုင်အဖွဲ့က ကျည်ဆန်တစ်တောင့်နှင့် သတိပေးစာကို ဇွန်လ ၁၃ ရက်နေ့ကပေးပို့ခဲ့ကြောင်း ယင်းစာပေးပို့ခံရသည့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ် ညောင်ကုန်းကျေးရွာတွင်နေထိုင်သူ ဦးသန်းဆောင်က ပြောကြားသည်။

အဆိုပါ စာနှင့် ကျည်ဆန်ကို ယင်းနေ့ ည ၉ နာရီခန့်က ဆိုင်ကယ်စီးလာသည့်လူနှစ်ဦးက လာရောက်ပေးခဲ့ခြင်းဖြစ်ပြီး ယင်းစာထဲတွင် “သင်သည် ဇိုမီးလူမျိုးတို့၏ ဘိုးဘွားပိုင် မြွေတောင်ဒေသမှ အဖိုးတန် သတ္တုရတနာများကို ကြိမ်ဖန်များစွာ တရားမဝင် ခိုးယူတူးဖော်နေကြောင်း ခိုင်လုံစွာ သတင်းရရှိသည်။ ထို့ကြောင့် မျက်ကွယ်တွင် ထပ်မံကျူးလွန်ပါက တော်လှန်ရေး လုပ်ထုံးလုပ်နည်းအတိုင်း အရေးယူမည် ဖြစ်ကြောင်း ပထမဆုံးအကြိမ်နှင့် နောက်ဆုံးအကြိမ်အဖြစ် ပြင်းထန်စွာ သတိပေးလိုက်သည်”ဆိုသည့်စာများ ရေးထားသည့်စာနှင့် ကျည်ဆန်တစ်တောင့်ကို တွေ့ရှိခဲ့ပြီးနောက် ကျေးရွာတာဝန်ရှိသူထံသို့ အပ်နှံခဲ့ကြောင်း ၎င်းက ပြောဆိုသည်။

“ကုမ္ပဏီက တူးဖော်ခွင့်မရဘူး။ နားထားပါဆိုလို့ နားထားတာ ခုနစ်လလောက်ရှိပြီ။ အခု မိသားစုစားဝတ်နေရေးအတွက် မီးသွေးဖုတ်စားနေတာ။ ကျောက်ထုတ်ပြီးမှ ရောင်းစားနေတာက တစ်ဦးဖြစ်တယ်။ ကျွန်တော်က တစ်လုံးတစ်ခဲမှ မရောင်းဘဲနဲ့ ဒီလိုလုပ်ခံရတယ်ဆိုတော့ ကျွန်တော်နဲ့ ကျွန်တော့်မိသားစုအတွက် မကောင်းဘူးပေါ့ဗျာ”ဟု အသက် ၆၅ နှစ်အရွယ် ဦးသန်းဆောင်က ပြောဆိုသည်။

ကလေးမြို့နှင့် တီးတိန်မြို့အကြားရှိ မြွေတောင်ပေါ်တွင် နေ့စားအဖြစ် ကျောက်တူးပေးရန် ကုမ္ပဏီတစ်ခုကကမ်းလှမ်းခဲ့၍ ၂၀၁၈ ခုနှစ်၊ မေလမှစ၍ နိုဝင်ဘာလအထိ ကျောက်တူးဖော်ခဲ့ကြောင်း၊ ယင်းနောက်တွင်မူ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလမှစ၍ မိသားစုစားဝတ်နေရေးအတွက် အခြားလုပ်ငန်းများကို လိုက်လံလုပ်ကိုင်နေခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

“ပို့ခံရတာတော့ သူတစ်ယောက်တည်းဗျ။ အရင်တုန်းကတော့ ဒါမျိုးဖြစ်စဉ်မျိုး မရှိဖူးပါဘူး။ တောင်ပေါ်မှာ တူးတာကတော့ အဲဒီအချိန်တုန်းက တခြားသူတွေလည်း တူးကြတယ်လို့ သိရတယ်။ သူတစ်ဦးတည်း တူးတာတော့ မဟုတ်ပါဘူး”ဟု ညောင်ကုန်းကျေးရွာတာဝန်ခံ ဦးပုမ်လမ်ထန်က ပြောဆိုသည်။

ဇိုမီးလက်နက်ကိုင်အဖွဲ့သည် အိန္ဒိယ အရှေ့မြောက်ဒေသ မဏိပူရပြည်နယ်တွင် အခြေစိုက်သည့် လက်နက်ကိုင်တပ်ဖွဲ့ဖြစ်သည်။

R-20