News

POST TYPE

NEWS

အိုမန်ပင်လယ်ကွေ့ ရေနံတင်သင်္ဘော တိုက်ခိုက်မှုအပေါ် အီရန်ငြင်းဆိုမှုကို ထရမ့်ရှုတ်ချ
15-Jun-2019


ဝါရှင်တန်၊ ဇွန် ၁၅

အိုမန်ပင်လယ်ကွေ့တွင် ရေနံတင် သင်္ဘောနှစ်စင်း တိုက်ခိုက်ခံရမှု၌ အီရန်က ပါဝင်ပတ်သက်မှုမရှိဟု ငြင်းဆိုခဲ့မှုကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြစ်တင်ကန့်ကွက်လိုက်သည်ဟု BBC သတင်းတွင် ဖော်ပြထားသည်။

သင်္ဘောတစ်စင်း၏ ကိုယ်ထည်မှ မပေါက်ကွဲသောမိုင်းကို စက်လှေတစ်စင်းပေါ်မှ အီရန်တပ်ဖွဲ့များက ခွာယူနေသည့် ဗီဒီယိုမှတ်တမ်းကို သမ္မတထရမ့်က ရည်ညွှန်းပြောဆိုခြင်းဖြစ်သည်။

ကုလအတွင်းရေးမှူးချုပ် ဂူတာရက်စ်က အမှန်တရားကို ရှင်းလင်းစွာ ဖော်ထုတ်ဖို့လိုသည်ဟု မှတ်ချက်ပေးသည်။ ရုရှားသမ္မတပူတင်ကမူ ထင်ရာမြင်ရာ သုံးသပ်မှုများ မပြုလုပ်ရန် သတိပေးသည်။

ယူအေအီးကမ်းလွန်တွင် ရေနံတင် သင်္ဘောလေးစင်း တိုက်ခိုက်ခံရမှုအပြီး တစ်လအကြာတွင် ယခုပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်။

ယခုတိုက်ခိုက်မှုအတွက် အမေရိကန်က အီရန်ကို စွပ်စွဲထားပြီး အီရန်ကမပတ်သက်ကြောင်း ငြင်းဆိုထားသည်။

“မိုင်းတစ်ခုက မပေါက်ကွဲခဲ့ဘူးလို့ ကျုပ်ထင်တယ်။ ညပိုင်းမှာ အီရန်တွေက စက်လှေတစ်စင်းနဲ့ လာဖြုတ်ယူသွားတာကို ဓာတ်ပုံမှာ တွေ့ကြမှာပေါ့”ဟု ထရမ့်က ပြောကြားသည်။

ကမ္ဘာ့ရေနံပို့ဆောင်မှုအတွက် အရေးပါသော ဟော်မုဇ်ရေလက်ကြားကို အီရန်ကပိတ်ဆို့ရန် မဖြစ်နိုင်ကြောင်းနှင့် အကယ်၍ ပိတ်ဆို့နိုင်ခဲ့လျှင်လည်း ရေရှည်မပိတ်နိုင်ကြောင်း ထရမ့်က မှတ်ချက်ပေးသည်။

နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုကလည်း ယခုဖြစ်ရပ်တွင် သုံးခဲ့သည့်ဖေါက်ခွဲရေးပစ္စည်းများသည် ကျွမ်းကျင်မှု လိုအပ်ကြောင်းနှင့် မကြာသေးမီက အလားတူဖြစ်ရပ်များက နောက်ကွယ်တွင် အီရန် ပတ်သက်နေမှုကို ညွှန်ပြနေကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

အမေရိကန် ကာကွယ်ရေးဝန်ကြီး ပက်ထရစ်ရှာနာဟန်က ယခုပြဿနာအပေါ် နိုင်ငံတကာ သဘောတူဆုံးဖြတ်ချက်တစ်ခုရရှိအောင် ကြိုးစားသည့်အနေနှင့် ထောက်လှမ်းရေးသတင်း အချက်အလက်များကို မျှဝေပေးမည်ဟု ပြောကြားသည်။

အမေရိကန်ဘက်မှ ကြာသပတေးနေ့က ထုတ်ပြန်ခဲ့သော ဗီဒီယိုဖိုင်တွင် တွေ့မြင်ရသော ကင်းလှည့်မော်တော် အဖြူရောင်သည် အီရန်တော်လှန်ရေး အစောင့်တပ်က အသုံးပြုနေသော အမျိုးအစားတစ်ခုဖြစ်သည်ဟု သတင်းများက ဖော်ပြထားသည်။

အီရန်သည် ပင်လယ်ကွေ့ကမ်းခြေတစ်လျှောက်တွင် မိုင်းများ၊ ဒုံးကျည်များ၊ တိုပီတိုများနှင့် ဒရုန်းများ တပ်ဆင်ထားသည့် မြန်နှုန်းမြင့် တိုက်ရေယာဉ် အသေးစားများကို ဖြန့်ကြက်ထားသည်။

ယခုဖြစ်ရပ်တွင် နော်ဝေးပိုင် ဖရန့်အယ်လ်တဲနှင့် ဂျပန်ပိုင် ကိုကူလာကိုရာဂျီး ရပ်စ်သင်္ဘောနှစ်စင်းထံမှ အရေးပေါ် အကူအညီတောင်းခံမှုကို လက်ခံရရှိပြီးနောက် အမေရိကန်ရေတပ်သင်္ဘောများ ရောက်ရှိလာခြင်းဖြစ်သည်။

ပေါက်ကွဲမှုမဖြစ်ခင် အဆိုပါရေပြင်တစ်ဝိုက်တွင် အီရန်စစ်ရေယာဉ်များ လှုပ်ရှားသွားလာနေသည်ကိုလည်း အမေရိကန် ရေတပ်သင်္ဘော ဘိန်းဘရစ်ခ်ျက တွေ့ရှိခဲ့သည်ဟုဆိုသည်။

ပေါက်ကွဲခဲ့သော သင်္ဘောနှစ်စင်းမှ ရေယာဉ်အဖွဲ့သားများကို အနီးအနားမှ သင်္ဘောများက ကယ်ဆယ်ခဲ့ကြသည်။

ကိုကူရာသင်္ဘောမှ အဖွဲ့သားများသည် မပေါက်ကွဲသေးသောမိုင်းနှင့် မီးလောင်မှုဖြစ်ရပ်ကို ကြုံခဲ့ရပြီးနောက် ရေယာဉ်ကိုစွန့်ခွာခဲ့ကြခြင်းဖြစ်သည်။

၎င်းတို့သင်္ဘောသည် ပျံသန်းနေသော အရာတစ်ခု၏ တိုက်ခိုက်မှုကို ခံခဲ့ရသည်ဟု ရေကြောင်းလိုင်းကုမ္ပဏီက ပြောကြားသည်။

ကိုကူရာသင်္ဘောသည် အရေးပေါ် အကူအညီ တောင်းခံချိန်က အီရန်ကမ်းခြေနှင့် မိုင်နှစ်ဆယ်အကွာတွင် ရောက်ရှိနေသည်။

F-04