News

POST TYPE

NEWS

ဒေါ်အောင်ဆန်းစုကြည်က ဗိုလ်ချုပ်မှူးကြီးသန်းရွှေ (ငြိမ်း)ထံ ဆုတောင်းစကားနှင့် ဝမ်းနည်းကြောင်းစာပို့
15-Jun-2019
နေပြည်တော်၊ ဇွန် ၁၅

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ (ငြိမ်း) ၏ သမက်ဖြစ်သူ ကွယ်လွန်သွားခြင်းကြောင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဗိုလ်ချုပ်မှူးကြီးသန်းရွှေ(ငြိမ်း) ထံ ဝမ်းနည်းကြောင်း စာပေးပို့လိုက်သည်။

ယင်းစာကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေ (ငြိမ်း) ၏မြေးဖြစ်သူ ဖိုးလပြည့် (ခ) နေရွှေသွေးအောင်က ၎င်း၏ လူမှုကွန်ရက် ဖေ့ဘွတ်ခ် စာမျက်နှာတွင် ယနေ့ (ဇွန် ၁၅ ရက်) ညနေ ၅ နာရီခန့်က တင်ပြလိုက်ခြင်းဖြစ်သည်။

“Uncle ရှင့် Uncle ၏သားသမက်၊ ဗိုလ်မှူးချုပ်သိန်းနိုင် ကွယ်လွန်အနိစ္စရောက်သွားကြောင်း ကြားသိရသည်၊ Uncle ၏သမီး၊ မိသားစုများနှင့်အတူ ထပ်မျှဝမ်းနည်းရပါသည်။ ဗိုလ်မှူးချုပ်သိန်းနိုင် ကောင်းရာသုဂတိ လားပါစေကြောင်း ဆုတောင်းအပ်ပါသည်”ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏စာတွင် ရေးသားထားသည်။

ဗိုလ်ချုပ်မှူးကြီး (ငြိမ်း) ဦးသန်းရွှေသည် သမက်ဖြစ်သူ ဗိုလ်မှူးချုပ်သိန်းနိုင် (ငြိမ်း) ၏နာရေးပို့ဆောင်မည့် တပ်မတော် ကုတင်တစ်ထောင်ဆေးရုံ ငြိမ်းအေးဇရပ်သို့ ကိုယ်တိုင် ရောက်ရှိလာကြောင်းလည်း မှတ်တမ်းပုံများအရ သိရသည်။

ဗိုလ်မှူးချုပ် သိန်းနိုင်(ငြိမ်း) သည် ဇွန်လ ၁၃ ရက်၊ ည ၁၁ နာရီ ၁၅ မိနစ်တွင် နေပြည်တော် ပြည်သူ့ဆေးရုံ ကုတင်တစ်ထောင်တွင် ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။

ဗိုလ်မှူးချုပ်သိန်းနိုင် မကွယ်လွန်မီက “ဆေးရုံမှာ ဗိုလ်မှူးချုပ်သိန်းနိုင်ကိုကြည့်ရန်သွားရောက်စဉ်က Uncle ကိုတွေ့ခဲ့ရကြောင်း ဦးမင်းသူထံမှ သိခဲ့ရပါသည်”ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၏စာတွင် ဖော်ပြထားသည်။

ယင်းအပြင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ဦးသန်းရွှေ၏ မိသားစုအားလုံး ကျန်းမာစွာဖြင့် နှလုံးစိတ်ဝမ်းအေးချမ်းကြပါစေကြောင်း စာ၏နောက်ဆုံးစာကြောင်းတွင် ထပ်မံရေးသားထားပြီး ၎င်း၏လက်မှတ်ကို ရေးထိုးထားသည်။

ဗိုလ်မှူးချုပ် သိန်းနိုင် (ငြိမ်း) ၏ ခန္ဓာကိုယ်ကို ယနေ့ (ဇွန်လ ၁၅)၊ မွန်းလွဲ တစ်နာရီတွင် တပ်မတော်ဆေးရုံ (ကုတင်တစ်ထောင်)၊ ငြိမ်းအေးဇရပ်မှ ကွေ့ကြီးသုသာန်သို့ပို့ဆောင်၍ မီးသြင်္ဂိုလ်မည်ဖြစ်ကြောင်း နာရေးကြော်ငြာတွင် တွေ့ရှိရသည်။

နာရေးသို့ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ သမ္မတ (ငြိမ်း) ဦးသိန်းစိန်၊ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ (ငြိမ်း) ဦးတင်အေး အပါအဝင် ပြည်ထဲရေးဝန်ကြီး၊ကာကွယ်ရေးဝန်ကြီးတို့ လာရောက်ခဲ့သည်ကို မှတ်တမ်းဓာတ်ပုံများတွင် တွေ့ရသည်။

ဓာတ်ပုံ - Nay Shwe Thway Aung Facebook