News

POST TYPE

NEWS

ဆရာဝန် ၃ ဦး သေဆုံးခဲ့သည့် ဖျာပုံတံတားယာဉ်တိုက်မှုမှ ၁၀ ဘီးကား ယာဉ်မောင်း လာရောက်အဖမ်းခံ
13-Jun-2019

ပုသိမ်၊ ဇွန် ၁၁

ဆရာဝန် ၃ ဦးအထိ သေဆုံးခဲ့သော ဖျာပုံချောင်းတံတား ယာဉ်တိုက်မှုမှ တံတားပေါ်တွင် ယာဉ်မဆင်မခြင် ရပ်ထားခဲ့သည့် ၁၀ ဘီးကား ယာဉ်မောင်းဖြစ်သူ သန်းဇော် (ခေါ်) ဝဏ္ဏသည် ယာဉ်တိုက်မှုဖြစ်ပွားခဲ့သည့် ဇွန် ၁၁ ရက် ညပိုင်းတွင် ဖျာပုံရဲစခန်းသို့ ကိုယ်တိုင် လာရောက်အဖမ်းခံခဲ့ကြောင်း ဧရာဝတီတိုင်း ရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယရဲမှူးကြီး ထွန်းရွှေက ပြောသည်။

အဆိုပါ ယာဉ်တိုက်မှုတွင် ဆရာဝန် ၃ ဦး သေဆုံးပြီး ကျန်ဆရာဝန် ၃ ဦးမှာ ဖျာပုံဆေးရုံကြီးတွင် ဆေးကုမှုခံယူလျက် ရှိကြောင်း ဖျာပုံမြို့မ ရဲစခန်းမှ တာဝန်ရှိ ရဲအရာရှိက ပြောသည်။

တံတားအဆင်း လမ်းမပေါ်တွင် ရပ်ထားသော ၁၀ ဘီးယာဉ်ကို ဆရာဝန် များ စီးနင်းလာသော ကားက နောက်ဘက် မှ ဝင်ရောက်တိုက်မိခြင်းဖြစ်ပြီး ၁၀ ဘီးယာဉ်ပေါ်ပါ ကွန်ကရစ်လျှပ်စစ်မီးတိုင်များက တိုက်မိသော ကား၏နောက်မှန်အထိ ဖောက်ထွက်သွားပြီး ယာဉ်မောင်း ဒေါက်တာ ဝေယံမျိုးထက်၊ ဒေါက်တာအေးမြတ်သူ၊ ဒေါက်တာ ပန်ဂျာထွယ်တို့မှာ နေရာတွင် သေဆုံးခဲ့ပြီး ဒေါက်တာ နေမျိုးစု၊ ဒေါက်တာ လှမျိုးသူ၊ ဒေါက်တာ နှင်းအိစိုးတို့မှာ ဒဏ်ရာများရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။ 

တံတားပေါ်တွင် စည်းကမ်းမဲ့ ယာဉ်ရပ်တန့်ထားသည့် ရန်ကုန်တိုင်း တောင်ဥက္ကလာပမြို့နယ်တွင် နေထိုင်သော ၁၀ ဘီးယာဉ်မောင်း သန်းဇော် (ခေါ်) ဝဏ္ဏနှင့် ယာဉ်ကို မဆင်မခြင်မောင်းနှင်သူ ဒေါက်တာ ဝေယံမျိုးထက်တို့ကို ဖျာပုံမြို့မ ရဲစခန်းက ရာဇသတ်ကြီး ပုဒ်မ ၃၀၄-က/၃၃၇ ဖြင့် အမှုရေးဖွင့် ဆောင်ရွက်လျက်ရှိကြောင်း ယင်းရဲစခန်းမှ သိရသည်။  
R-12