News

POST TYPE

NEWS

တိုက်ကြီးတွင် မိုးဦးကာလ ငါးရှဉ့်ထောင်မြှုံးများ ရောင်းအားကောင်း
12-Jun-2019

ဥက္ကံ၊ ဇွန် ၁၂

တိုက်ကြီးမြို့နယ်အတွင်း ဥက္ကံမြို့၊ ရွာမကျေးရွာအုပ်စု တစ်စုတည်းတွင်သာ ပြုလုပ်ရောင်းချသည့် ငါးရှဉ့်ထောင်မြှုံးများ ဇွန်လဆန်းမှစ၍ ရောင်းအားကောင်းနေကြောင်း ငါးရှဉ့်ထောင်မြှုံးများ ရက်လုပ်ရောင်းချသူများထံမှ သိရှိရသည်။

တစ်နေ့လျှင် ငါးရှဉ့်ထောင်မြှုံး အလုံးရေ ၃၀၀၀ မှ ၅၀၀၀ အထိ ရောင်းချနေရပြီး ပဲခူးတိုင်း အနောက်ခြမ်းမြို့နယ်များ၊ လှည်းကူး၊ ထောက်ကြန့်၊ မှော်ဘီနယ်များက အဝယ်များကြောင်း အဆိုပါရွာမှ ဒေသခံတစ်ဦးက ပြောကြားသည်။

တိုက်ကြီးမြို့၊ ကလော့သော့ရွာနေ တောင်သူကိုမြတ်မင်းက “ကျွန်တော်တို့ရွာမှာ လယ်လုပ်ရင်း ငါးရှဉ့်ထောင်တယ်။ ငါးရှဉ့်ဈေးကကောင်းတော့ အိမ်အတွက် ဈေးဖိုးရတယ်။ ရွာက လူငယ်တွေဆို သူရင်းငှား မလုပ်တော့ဘူး။ သီးသန့် ငါးရှဉ့်ထောင်အလုပ်ကိုပဲ လုပ်ကြတော့တယ်။ တစ်နေ့ကို တစ်သောင်းကနေ တစ်သောင်းခွဲအထိ ရတယ်ဆိုတော့ ငါးရှဉ့်ထောင်အလုပ်ပဲ လုပ်ကြတော့တယ်”ဟု ပြောကြားသည်။

ငါးရှဉ့်တစ်ပိဿာ ကျပ် ၉၀၀၀ ခန့် ဈေးရသဖြင့် ငါးရှဉ့်ထောင်သူ များပြားလာကာ မြှုံးတစ်လုံးလျှင်ကျပ် ၃၀၀ ဖြင့် မြှုံးများ ရောင်းအားကောင်းလာခြင်းဖြစ်ကြောင်း၊ ရွာမအုပ်စု၊ ညောင်ဝိုင်းရွာတွင် တစ်ရွာလုံး မြှုံးရက်လုပ်ကြောင်း သာယာဝတီမြို့ ငါးရှဉ့်ဒိုင်မှ ကိုမျိုးကြီးက ပြောကြားသည်။

ငါးရှဉ့်များကို ရန်ကုန်းဈေးကွက်တွင် ရသလောက် ဝယ်ယူနေကြသည့်အပြင် မြဝတီမြို့နှင့်မူဆယ်မြို့များကလည်း ငါးရှဉ့်များကို ဈေးကောင်းပေး ဝယ်ယူနေကြောင်း၊ ရန်ကုန်ဈေးကွက်တွင် စားသောက်ဆိုင်များ၊ ဟိုတယ်များတွင် ဝယ်ယူမူများနေကြောင်း ဥက္ကံမြို့၊ ငါးရှဉ့်ဒိုင်မှ ဦးမောင်အေးက ပြောသည်။

R-19