News

POST TYPE

NEWS

မဟော်သဓာ အမျိုးသားရေး ကိုယ်ပိုင်အထက်တန်းကျောင်းအမှု ဇွန်၂၄ ရက်နေ့ စစစ်မည်
12-Jun-2019

မန္တလေး၊ ဇွန် ၁၂

ဆရာတော် ဦးဝီရသူ ဦးဆောင်ကာ ဖွဲ့စည်းတည်ထောင်ခဲ့သည့် မဟော်သဓာ အမျိုးသားရေး ကိုယ်ပိုင်အထက်တန်းကျောင်းကို စွဲဆိုထားသည့်အမှုကို လာမည့် ဇွန်လ၂၄ ရက်နေ့တွင် တိုင်ကြားသူ တရားလိုကို စတင်စစ်ဆေးမည်ဖြစ်ကြောင်း စွပ်စွဲခံရသူများ၏ရှေ့နေ ဦးအောင်ရဲစိုးက ပြောကြားသည်။

အဆိုပါ မဟော်သဓာ ကိုယ်ပိုင် အထက်တန်းကျောင်း၏ ဦးဆောင်တာဝန်ရှိသူ ခုနစ်ဦးကို ၁၈၈၉ ခုနှစ် အထက်ဗမာပြည်မြေနှင့် အခွန်တော်ဥပဒေပုဒ်မ ၆၉ (၂) အရ ပုသိမ်ကြီး မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ကော်လိပ်တော်အရာရှိ ဦးညွှန့်လင်းက တရားစွဲဆိုထားခြင်းဖြစ်သည်။

ယင်းအမှုကို ဒုတိယအကြိမ်အဖြစ် ဇွန်လ ၁၂ ရက်နေ့က ချိန်းဆိုစစ်ဆေးခဲ့ခြင်းဖြစ်သည်။

“အရင်တစ်ပတ်တုန်းက ဆင့်စာ အတည်မဖြစ်သေးတဲ့ စွပ်စွဲခံရသူ နှစ်ယောက်ကို တရားရုံးရှေ့အရောက်ပြပြီးတော့ ရှေ့နေပါဝါတစ်ခါတည်းတင်ပါတယ်။ နောက်တစ်ချိန်ဆိုရင် တရားလိုကိုစပြီး စစ်မှာပါ”ဟု အထက်တန်းရှေ့နေဖြစ်သည့် ဦးအောင်ရဲစိုးက ရှင်းပြသည်။

စွပ်စွဲခံထားရသူများသည် ကိုယ်တိုင်ခံဝန်ချက်ဖြင့် အချုပ်လွတ်ထုချေခွင့် တင်ပြတောင်းဆိုခဲ့ရာ ပုသိမ်ကြီးမြို့နယ် တရားရုံးက တစ်ဦးလျှင် ကျပ်သိန်း ၃၀ ခံဝန်ဖြင့် အချုပ်လွတ်ထုချေခွင့်ပေးထားသည်။

မန်း မဟော်သဓာ အမျိုးသားရေး ကိုယ်ပိုင်အထက်တန်းကျောင်းဆောက်လုပ်မှုအား မန္တလေးတိုင်းဒေသကြီး အစိုးရကခွင့်ပြုခြင်းမရှိသော်လည်း ဇန်နဝါရီလ ၂၆ ရက်နေ့က ကျောင်းဆောက်လုပ်ရန်အတွက် ပန္နက်ရိုက်ခဲ့သည်။

မဟော်သဓာ အမျိုးသားရေး ကိုယ်ပိုင်အထက်တန်းကျောင်း (မန္တလေး) ကို ပုသိမ်ကြီးမြို့နယ် ကျောက်ချောကျေးရွာရှိ ၈ ဧကခန့် ကျယ်ဝန်းသည့်မြေပေါ်တွင် ဆောက်လုပ်သွားမည်ဖြစ်ပြီး လက်ရှိတွင် အုတ်တံတိုင်း၊ မုခ်ဦးနှင့် အဝီစိတွင်းတူးခြင်းတို့ကိုသာ ဆောင်ရွက်ထားကာ မန္တလေးတိုင်းဒေသကြီးအစိုးရအနေနှင့် ဆောက်လုပ်ခွင့်မရခင် လုပ်ငန်းရပ်ဆိုင်းထားရန် စာထုတ်ခဲ့ခြင်းဖြစ်သည်။

မဟော်သဓာ အမျိုးသားရေး ကိုယ်ပိုင်အထက်တန်းကျောင်း (ရန်ကုန်)ကို ၂၀၁၆ ခုနှစ်ကလည်းကောင်း၊ မဟော်သဓာ အမျိုးသားရေး ကိုယ်ပိုင် အထက်တန်းကျောင်း (တောင်ကုတ်) ကို ၂၀၁၇ ခုနှစ်ကလည်းကောင်း ဖွင့်လှစ်ခဲ့ပြီးဖြစ်သည်။

M-04