News

POST TYPE

NEWS

အင်္ဂလိပ်စာသင်ပေးရန် ပဲခူးတိုင်းအတွက် အမေရိကန်နိုင်ငံသားဆရာ ၁၂ ဦး ချထားပေး
12-Jun-2019

တောင်ငူ၊ ဇွန် ၁၂

ပဲခူးတိုင်းအရှေ့ခြမ်းနှင့် အနောက်ခြမ်းမြို့နယ်များရှိ အထက်တန်းကျောင်းအချို့မှ ကျောင်းသားများကို အင်္ဂလိပ်စာသင်ပေးရန် အမေရိကန်နိုင်ငံသား စေတနာ့ဝန်ထမ်း ဆရာ၊ ဆရာမ ၁၂ ဦးကို Peace Corps Myanmar ကချထားပေးကြောင်း ပဲခူးတိုင်းပညာရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“ဒီစာသင်နှစ်အတွက်က သဲကုန်းနဲ့ ဝေါမှာ ၃ ဦးစီနဲ့ တောင်ငူ၊ ဒိုက်ဦးနဲ့ အုတ်တွင်းမှာ ၂ ဦးစီ တာဝန်ထမ်းဆောင်နေပါပြီ။ တစ်ဦးက ၂ နှစ်စီဆိုတော့ တချို့မြို့နယ်တွေမှာ လက်ကျန်တွေရှိသေးတယ်”ဟု ၎င်းက ပြောကြားသည်။

စေတနာ့ဝန်ထမ်း ဆရာများသည် တာဝန်ကျရာ ဝေါ၊ ဒိုက်ဦး၊ အုတ်တွင်း၊ တောင်ငူနှင့် သဲကုန်းရှိ အထက်တန်းကျောင်း ၁၂ ကျောင်း၌ ယခုပညာသင်နှစ်အတွက် အင်္ဂလိပ်စာသင်ကြားရေး စတင်တာဝန်ထမ်းနေကြပြီဖြစ်သည်။

Peace Corps Myanmar က စေတနာ့ဝန်ထမ်းများ ချထားပေးရန် ပညာရေးဌာနသို့ တောင်းခံပြီးနောက် နေထိုင်ရေး၊ လုံခြုံရေးကို ကွင်းဆင်းလေ့လာကာ စေတနာ့ဝန်ထမ်းနှင့် ပြန်လည်ညှိနှိုင်းပြီးမှသာ သင်ကြားမည့်ကျောင်းကိုရွေးချယ်ပေးကြောင်း ပညာရေးအသိုင်းအဝိုင်းထံမှ သိရှိရသည်။

“ကျွန်မတို့ကျောင်းမှာ တာဝန်ကျဆရာမက မနှစ်ကတည်းက ရောက်တာပါ။ ၆ တန်းမှာ သင်ကြားရေးပူးတွဲ တာဝန်ထမ်းနေပြီး ကျန်ကျောင်းသားအချို့ကို အင်္ဂလိပ်စကားပြော သင်ပေးတယ်။ အခုနှစ်အတွက်တော့ အထက ၅ နဲ့ အထက ၄ မှာ ထပ်ရောက်တယ်”ဟု တောင်ငူမြို့နယ် အထက ၂ မှ တာဝန်ရှိသူတစ်ဦးကပြောကြားသည်။

Peace Corps Myanmar မှ စေတနာ့ဝန်ထမ်းဆရာများကို ၂၀၁၇-၂၀၁၈ ပညာသင်နှစ်တွင် ပဲခူး၊ သနပ်ပင်နှင့် ကဝမြို့နယ်များ၌ ဆရာ၊ ဆရာမ ၇ ဦး စတင်စေလွှတ်ခဲ့ပြီး ၂၀၁၈-၂၀၁၉ တွင် ညောင်လေးပင်၊ တောင်ငူ၊ ရေတာရှည်၊ ပြည်၊ ပေါင်းတည်၊ အုတ်ဖို၊ မိုးညို၊ လက်ပံတန်းမြို့နယ်များအတွက် စေတနာ့ဝန်ထမ်း ၁၁ ဦးစေလွှတ်ပေးခဲ့ကြောင်း ယင်းအဖွဲ့၏ထုတ်ပြန်ချက်များအရ သိရှိရသည်။ 

“အုတ်တွင်းက ဆရာတွေက နွေကတည်းက ရောက်နေတာ။ သူတို့ကို ဆိုင်ကယ်စီးခွင့်မပေးဘူးလို့ သိရတယ်။ စက်ဘီးနဲ့ ကျောင်းတက်ကျောင်းဆင်း လုပ်ကြပြီး မြန်မာလိုတောင် အတော်လေး ပြောတတ်နေကြပြီ”ဟု ဒေသခံတစ်ဦးက ပြောကြားသည်။ 

ပြည်တွင်းရှိ အခြေခံပညာ အထက်တန်းကျောင်းအချို့တွင် ယခုစာသင်နှစ်မှစတင်ကာ ၂ နှစ်တိတိ အင်္ဂလိပ်စာ သင်ကြားရေး စေတနာ့ဝန်ထမ်းတာဝန်များ စတင်ထမ်းဆောင်မည့် ဆရာ၊ ဆရာမ ၃၀ကျော်သည် ယခုနှစ် ဧပြီလ ၅ ရက်က ကတိသစ္စာပြုခဲ့ကြကြောင်း Peace Corps Myanmar က ထုတ်ပြန်ထားသည်။

R-15