News

POST TYPE

NEWS

ခါဇက်စတန်တွင် ခေါင်းဆောင်သစ်တင်မြှောက်၊ ဆန္ဒပြပွဲများတွင် အရေအတွက် ရာချီ၍ ဖမ်းဆီး
12-Jun-2019



အယ်လ်မေတီ၊ ဇွန် ၁၁

ခါဇက်စတန်နိုင်ငံတွင် သမ္မတဟောင်း နာဆူလ်တန် နာဇာဘာယက် ရွေးချယ်ထားသော ဆက်ခံသူကိုထောက်ခံ မဲ ၇၀ ရာခိုင်နှုန်းဖြင့် ရွေးကောက် တင်မြှောက်လိုက်ပြီး ဆန္ဒပြသူအတိုက် အခံများကို အရေအတွက် ရာနှင့်ချီ၍ ရဲက ဖမ်းဆီးခဲ့သည်ဟု AFP သတင်းတွင် ဖော်ပြထားသည်။

အလယ်ပိုင်း အာရှနိုင်ငံခါဇက်စတန်တွင် နှစ်ပေါင်းသုံးဆယ် အုပ်ချုပ်ခဲ့သူ နာဇာဘာယက်၏ ချီးမွမ်းမှုကိုခံယူပြီး နောက်တွင် သံတမန်တစ်ဦးဖြစ်ခဲ့သူ ကာဆင်ဂျိုမတ်တိုကာယက်၏ အောင်ပွဲသည် လုံးဝသံသယရှိစရာမလိုတော့ပေ။

အစိုးရ၏ သဘောထားစစ်တမ်းအရ တိုကာယက် ၆၆ နှစ်သည် ထောက်ခံမဲ ၇၀ ရာခိုင်နှုန်းကျော် ရရှိခဲ့ပြီး ၎င်း၏ပြိုင်ဘက် အတိုက်အခံ နိုင်ငံရေးသမား သတင်းထောက် အမီဇန်ကိုဆာနော့ဗ်သည် ၁၅ ရာခိုင်နှုန်းဝန်းကျင်သာရရှိခဲ့သည်ဟု သိရှိရသည်။

သို့ရာတွင် မွတ်ဆလင်အများစုနေ ထိုင်သော ခါဇက်စတန်နိုင်ငံ၏ ရွေးကောက်ပွဲနေ့တွင် သုံးနှစ်အတွင်းအကြီးမားဆုံး ဆန္ဒပြပွဲများ ဖြစ်ပေါ်ခဲ့ပြီးအဖြေသတ်မှတ်ပြီးသား ရွေးကောက်ပွဲကို သပိတ်မှောက်ကြရန် တိုက်တွန်းခဲ့ကြသည်။

ရွေးကောက်ပွဲမတိုင်မီကာလတွင်လည်း အတိုက်အခံများအပေါ် နှိမ်နင်းမှုကို အာဏာပိုင်များက အရှိန်မြှင့်ခဲ့ပြီး ဆန္ဒပြသူများကို တရားရုံးများက ထောင်ဒဏ်ချမှတ်ခြင်းနှင့် တက်ကြွလှုပ်ရှားသူများ၏ နေအိမ်များကို ရဲများက စီးနင်းရှာဖွေခြင်းတို့ ဖြစ်ပွားခဲ့သည်။

တနင်္ဂနွေနေ့က လူပေါင်း ၅၀၀ ခန့်ကို ဖမ်းဆီးခဲ့သည်ဟု ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။ ခွင့်မပြုသော ဆန္ဒပြပွဲများကို စီစဉ်သော အတိုက်အခံများကို ဒုတိယဝန်ကြီး မာရက်ကိုဇာယက်က အပြစ်တင်ပြောဆိုခဲ့သည်။

အယ်လ်မေတီမြို့တော်၌ ဆန္ဒပြသူများကို ဖြိုခွဲမှုတွင် ဖမ်းဆီးခံရသူများထဲ၌ အေအက်ပီသတင်းထောက်နှစ်ဦးလည်း ပါဝင်သည်။

ဆန္ဒပြသူများက“ရှက်ဖွယ်၊ ရှက် ဖွယ်၊ ရှက်ဖွယ်”ဟု အော်ဟစ်သရော်ခဲ့ကြပြီး ရဲများကို လူထုဘက်မှ ရပ်တည်ရန် တောင်းဆိုခဲ့ကြသည်။

F-04