News

POST TYPE

NEWS

အသေးစားငွေကြေးအဖွဲ့များ၏ ချေးငွေအတိုးနှုန်း ထုတ်ပြန်
12-Jun-2019
ရန်ကုန်၊ ဇွန် ၁၁

အသေးစားငွေရေးကြေးရေး အဖွဲ့အစည်းများသည် အသင်းဝင်များ၏ ချေးငွေများအား အတိုးနှုန်းကောက်ခံရာတွင် ကျပ် ၁၀၀ လျှင် ၂ ကျပ် ပြား ၃၀ ခန့်နှင့် တစ်နှစ်လျှင် ၂၈ ရာခိုင်နှုန်းထက် ပိုမိုကောက်ခံခွင့်မရှိကြောင်း အသေးစား ငွေရေးကြေးရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီက ထုတ်ပြန်သည်။

ထိုသို့ အသင်းဝင်များ၏ ချေးငွေနှင့် စုဆောင်းငွေများအပေါ် အတိုးနှုန်းတွက်ချက်ရာတွင် ကောက်ခံရမည့်နှုန်းထားများအား အသေးစားငွေရေးကြေးရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီက ဇွန်လ ၅ ရက်နေ့တွင် ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။ 

အဆိုပါ ထုတ်ပြန်ချက်တွင် မဖြစ်မနေစုဆောင်းငွေများ (Compulsory Saving ) အတွက် ကျပ် ၁၀၀ လျှင် တစ်လအတွက် အတိုးနှုန်း ၁ ကျပ် ၂၀ ပြားနှင့် တစ်နှစ်အတွက် အတိုးနှုန်း ၁၄ ရာခိုင်နှုန်း ထက်မနည်းပေးဆောင်ရမည်ဟု ဖော်ပြထားသည်။ 

ဆန္ဒအလျောက်စုဆောင်းငွေ (Voluntary Saving) အတွက် ကျပ် ၁၀၀ လျှင် အတိုးနှုန်း တစ်လတွင် ပြား ၈၀ ခန့်နှင့် တစ်နှစ်လျှင် အတိုးနှုန်း ၁၀ ရာခိုင်နှုန်းထက် မနည်းပေးဆောင်ရမည်ဖြစ်သည်။ 

ထို့ပြင် အသေးစားငွေရေးကြေးရေး အဖွဲ့အစည်းများသည် အခြားကောက်ခံသည့် အခကြေးငွေများဖြစ်သည့် ချေးငွေ ဝန်ဆောင်မှုစရိတ်၊ ဘဏ်ဝန်ဆောင်မှု စရိတ်၊ ဒဏ်ကြေးများ၊ ဒစ်ဂျစ်တယ် ငွေကြေးဝန်ဆောင်မှုများအတွက် ကောက်ခံသည့် ဝန်ဆောင်ခ၊ လူမှုရေးထောက်ပံ့ငွေများအတွက် ထည့်ဝင်ကြေး၊ အသက်အာမခံကြေး၊ အသင်းဝင်ကြေး၊ စာအုပ်နှင့် စာရွက်စာတမ်းကြေးနှင့် သတ်မှတ်ချိန်ထက်စောပြီး ပေးဆပ်ခြင်းအတွက် ကောက်ခံသည့် ဝန်ဆောင်မှုနှုန်းထားမှာ တစ်နှစ်အတွက် ၂ ရာခိုင်နှုန်းထက် မပိုရဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

ချေးငွေထုတ်ချေးသည့် ကာလတစ်နှစ်အောက်နှင့် တစ်နှစ်အထက် ချေးငွေများအား ချေးငွေပမာဏ၏ ၂ ရာခိုင်နှုန်း အပေါ် အခြေခံကာ ချေးငွေသက်တမ်း အလိုက်တွက်ချက် ကောက်ခံရမည်ဖြစ်သည်။ 

လက်ရှိတွင် လူမှုကွန်ရက်စာမျက်နှာများတွင် အပေါင်ပစ္စည်းမပါဘဲ ချေးငွေထုတ်ချေးနေသည့် အသေးစားချေးငွေ လုပ်ငန်းများရှိနေပြီး အဆိုပါလုပ်ငန်းများ ကောက်ခံသည့် အတိုးနှုန်းသည် ဗဟိုဘဏ်က သတ်မှတ်ထားသည့် အတိုးနှုန်းထက် အဆမတန်မြင့်မားနေသည်။ 

ထိုသို့ လူမှုကွန်ရက်စာမျက်နှာများတွင် ငွေထုတ်ချေးနေသည့်လုပ်ငန်းများကို ဗဟိုဘဏ်က တရားဝင်လုပ်ငန်း လိုင်စင်ထုတ်ပေးထားခြင်းမရှိဟု မြန်မာနိုင်ငံတော် ဗဟိုဘဏ်ထံမှ သိရသည်။

မျိုးစန္ဒာ


  • VIA