News

POST TYPE

NEWS

မလိကျွန်းအနီး ရေပြင်တွင် မျောနေသည့် ကျပ်သိန်းကိုးထောင်ကျော်တန်ဖိုးရှိ ICE မူးယစ်ဆေးများတွေ့
12-Jun-2019
မြိတ်၊ ဇွန် ၁၂

ပင်လယ်ပြင်တွင်မျောနေသည့် ICE မူးယစ်ဆေးအထုပ်များကို တနင်္သာရီတိုင်း၊ ပုလောမြို့နယ်ရှိ မလိကျွန်းအနီးတွင် ဆယ်ယူရရှိခဲ့ကြောင်း မြိတ်ခရိုင်ရဲတပ်ဖွဲ့ထံမှ သိရသည်။

ဇွန်လ ၁၁ ရက် မွန်းလွဲ ၃ နာရီခန့်က အမှတ် ၄၈ မလိရေတပ်အခြေစိုက်စခန်းမှ ပင်လယ်ပြင်တွင်ကင်းလှည့်စဉ် တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ခရိုင်ရဲတပ်ဖွဲ့ထံမှ သိရသည်။

ပင်လယ်ပြင်တွင် မျောနေသည့် DAGUANYIN စာတမ်းပါ အိတ်ဖြင့်ထည့်ထားသည့် ICE မူးယစ်ဆေး ၁ ကီလိုဂရမ်ပါအိတ် ၂၂ ထုပ်နှင့် အိတ်ပေါက်ပြီး အရည်ပျော်စပြုနေသည့် ၁ ကီလိုဂရမ်ပါ နှစ်ထုပ်ကို ဆယ်ယူရရှိခဲ့ကြောင်း မြိတ်ခရိုင်ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ICE မူးယစ်ဆေး ၁ ကီလိုလျှင် ဒေသပေါက်ဈေး ကျပ်သိန်းလေးရာခန့်ရှိသဖြင့် ပင်လယ်ပြင်မှ ဆယ်ယူရရှိသည့် ICE များမှာ ကျပ်သိန်းကိုးထောင်ကျော် တန်ဖိုးရှိကြောင်း မြိတ်ခရိုင်ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

ဆယ်ယူရရှိသည့် မူးယစ်ဆေးဝါးများအား အမှတ် ၄၈ မလိရေတပ်စခန်းမှ ပုလော မြို့မရဲစခန်းသို့ ဇွန်လ ၁၁ ရက် ညနေတွင် လွှဲပြောင်းပေးအပ်ခဲပြီးဖြစ်ကြောင်း အထက်ပါရုံးမှ သိရသည်။

“ဘယ်လှေက ပြုတ်ကျခဲ့သလဲ။ ပိုင်ရှင် ဘယ်သူ ဘယ်ဝါလဲဆိုတာကိုတော့ ဆက်လက်စုံစမ်းဆဲပါ”ဟု မြိတ်ခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူကပြောသည်။

အမှတ် ၄၈ မလိရေတပ်စခန်းနှင့် မလိကျေးရွာ အုပ်ချုပ်ရေးမှူးတို့ပူးပေါင်းပြီး မလိကျေးရွာအုပ်စုအနီးတစ်ဝိုက်တွင် ဆက်လက်စုံစမ်းရှာဖွေခဲ့ရာ ဇွန်လ ၁၂ ရက် နံနက်ပိုင်းတွင်လည်း ရေတွင်မျောပါနေသည့် ICE မူးယစ်ဆေးများ ထပ်မံတွေ့ရှိခဲ့ရကြောင်း ၎င်းကဆိုသည်။

သို့သော် မည်မျှ ထပ်မံ ဆယ်ယူရရှိသည်ဆိုသည်ကိုမူ အတိအကျ မသိရသေးကြောင်း အဆိုပါ တာဝန်ရှိသူက ပြောသည်။

Dawei Watch