News

POST TYPE

NEWS

ပုပ္ပားတောင်ကလပ် မြေကျွံနိုင်သည့်အန္တရာယ်ရှိဟုဆို
12-Jun-2019



မန္တလေး၊ ဇွန် ၁၁

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်အတွင်းရှိ ပုပ္ပားတောင်ကလပ်သည် မြေကျွံနိုင်သည့် အန္တရာယ်ရှိနေကြောင်း မြန်မာနိုင်ငံ ဘူမိသိပ္ပံအသင်းက သတိပေးပြောကြားလိုက်သည်။

ပုပ္ပားတောင်ကလပ်မှ နှစ်ဖာလုံခန့် ကွာဝေးသည့် အောင်သိဒ္ဓိကုန်းနေရာတွင်၂၀၁၇ ခုနှစ်၊ အောက်တိုဘာလအတွင်းကလည်း မြေကျွံမှုများဖြစ်ပွားခဲ့သည်။

အဆိုပါမြေကျွံရခြင်းနှင့် ပတ်သက်သည့် အသေးစိတ်လေ့လာမှုများကို ၂၀၁၈ ခုနှစ်တွင်ပြုလုပ်ခဲ့ပြီး ပုပ္ပားတောင်ကလပ်နှင့် ပတ်သက်သည့် လုပ်ဆောင်သင့်သည်များကို မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ထံ တင်ပြခဲ့ကြောင်း မြန်မာနိုင်ငံ ဘူမိသိပ္ပံအသင်း၊ အတွင်းရေးမှူး ဦးသန်းထွန်းက ပြောကြားသည်။

“မိုးရွာရင်တော့ ကျန်နေဦးမယ်။ အန္တရာယ်ရှိတာတွေကိုတော့ ရွှေ့ခိုင်းထားတယ်။ မိုး အဆမတန် ဆက်တိုက်ရွာမယ်။ ရက်ဆက်ရွာနေမယ်ဆိုရင်တော့ အန္တရာယ်ရှိနိုင်တယ်။ ဘာတွေလုပ်သင့်တယ်ဆိုတာကို ကျွန်တော်တို့ပြောထား ပြီးပါပြီ။ ကျွံမယ်။ ကျွံနေဦးမှာပဲ။ ပြုပြင်နေဖို့လိုတယ်။ မပြုပြင်ဘူးဆိုရင် သဘာဝကိုက ပုပ္ပားက တဖြည်းဖြည်းကွာကျနေမှာပဲ”ဟု ၎င်းက ပြောဆိုသည်။ 

ပုပ္ပားတောင်ကလပ်နှင့် ပတ်သက်သည့် အပေါ်ယံမျက်နှာပြင်ရေလမ်းကြောင်းများ ဖော်ဆောင်ရန်၊ အဆောက်အအုံများတွင် လူမနေသည့် အဆောက်အအုံများကို ဖယ်ရှား၍ အလေးချိန်လျှော့ချခြင်းများ ပြုလုပ်ရန်၊ မြေအောက်ရေ ဝင်ရောက်မှုများကို တားဆီးရန် စသည့်အကြံပြုချက်များ၊ တွေ့ရှိချက်များ၊ သုံးသပ်ချက်များနှင့် လုပ်ဆောင်ရမည့်အချက်များကို တိုင်းအစိုးရအဖွဲ့ထံ တင်ပြထားပြီးဖြစ်ကြောင်း မြန်မာနိုင်ငံ ဘူမိသိပ္ပံအသင်းထံမှ သိရသည်။

“မြေပြိုကျတဲ့နေရာမှာ အိမ်တွေရှိနေတုန်းပဲ။ အာဏာစက်က မထိရောက်ဘူးထင်တယ်။ ရှိပြီးသားရွှေ့ဖို့ နေနေသာသာ အဆောက်အအုံတွေ တိုးနေတာရှိတယ်။ ဆိုင်ခန်းတွေ၊ သာသနိက အဆောက်အအုံတွေပေါ့။ သေချာတာကတော့ မနှစ်ကထက်လျော့မသွားဘူး။ ဂေါပကအနေနဲ့ကလည်း ဥပဒေအတိုင်း သွားလုပ်လို့မရဘူး။ နှစ်ပေါင်းများစွာ အတည်တကျနေခဲ့တာက အခုမှဖယ်ဆိုရင် မလွယ်ဘူးပေါ့”ဟု ပုပ္ပားတောင် ဂေါပကအဖွဲ့ဝင် ဦးကျော်ဝင်းဆွေက ပြောဆိုသည်။  

M-05