News

POST TYPE

NEWS

SMEs လုပ်ငန်းများကို ဒိန်းမတ်က ထောက်ပံ့ကြေးပေးမည်
12-Jun-2019
ရန်ကုန်၊ ဇွန် ၁၂

အသေးစားနှင့် အလတ်စား (SMEs) လုပ်ငန်းများအတွက် ဒိန်းမတ်နိုင်ငံ Responsible Business Fund (RBF) က ငွေကြေးထောက်ပံ့ပေးမည်ဖြစ်ကြောင်း Responsible Business Fund Myanmar မှ သိရသည်။

SMEs လုပ်ငန်းများအတွက် ငွေကြေးထောက်ပံ့ပေးမည့် စတုတ္ထအကြိမ်မြောက် အဆိုပြုလွှာများကို ဇူလိုင်လ ပထမအပတ်တွင် စတင်လျှောက်ထားနိုင်ပြီဖြစ်ပြီး ယခုအဆိုပြုလွှာများ ခေါ်ယူရာတွင် ငွေကြေးအနေဖြင့် အကန့်အသတ်ရှိသောကြောင့် SMEs လုပ်ငန်းအများအပြား လျှောက်ထားကြမည်ဖြစ်ရာ ပြိုင်ဆိုင်မှုပြင်းထန်နိုင်ကြောင်း RBF Myanmar က ဆိုထားသည်။

RBF မှ စွမ်းအင်အလေအလွင့်လျော့နည်းရေး၊ ရေအရင်းအမြစ်အသုံးချမှု၊ စွန့်ပစ်ပစ္စည်းနှင့် အညစ်အကြေးများ ပြန်လည်အသုံးချမှု၊ ကျန်းမာရေးနှင့် လုံခြုံရေး လုပ်ငန်းစဉ်များ၊ အစားအသောက် ဘေးအန္တရာယ်ကင်းရှင်းရေး၊ ကြီးကြပ်ခြင်းနှင့် ကွပ်ကဲခြင်းနည်းပညာများ၊ လက်တွေ့နှင့် နည်းပညာရပ်ဆိုင်ရာနည်းလမ်းများ စသည့်ကဏ္ဍများအတွက် စီမံကိန်းကုန်ကျငွေ၏ ၅၀ ရာခိုင်နှုန်းအထိ ထောက်ပံ့ငွေထုတ်ပေးမည်ဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ SMEs လုပ်ငန်းများကို ယင်းကဏ္ဍ ၇ ခုအနက်မှ တတိယကဏ္ဍဖြစ်သည့် စွန့်ပစ်ပစ္စည်းနှင့် အညစ်အကြေးများ ပြန်လည်အသုံးချမှု ကဏ္ဍတစ်ခုတည်းကိုသာ လျှောက်ထားနိုင်မည်ဖြစ်ပြီး ကဏ္ဍခြောက်ခုအတွက် အဆိုပြုလွှာတင်သွင်းခြင်းကို လက်ခံစဉ်းစားမည်မဟုတ်ကြောင်း ထုတ်ပြန်ထားသည်။

“ဒီထောက်ပံ့ကြေးက တစ်နိုင်ငံလုံးက SMEs တွေကို ထောက်ပံ့ကြေးပေးမှာပါ။ ကျန်တဲ့ကဏ္ဍခြောက်ခုက ရန်ကုန်မှာပေးထားတာများနေတဲ့အတွက် ကဏ္ဍတစ်ခုတည်းလျှောက်ဖို့ သတ်မှတ်ထားတာ”ဟု RBF Myanmar မှ Grant Officer ဦးသက်နိုင်ထွန်းက ပြောကြားသည်။

လာရောက်လျှောက်ထားသည့် လုပ်ငန်းများကို အများဆုံးကျပ်သိန်း ၅၀၀ အထိ ထောက်ပံ့ကြေးရရှိမည်ဖြစ်ကာ ယင်းငွေကြေးရရှိပါက RBF Myanmar က သတ်မှတ်ထားသည့် ၂၀၂၀ ခုနှစ် ဇွန်လတွင် စီမံကိန်းပြီးစီးအောင် ဆောင်ရွက်ရမည်ဖြစ်သည်။

RBF Myanmar ၏ ထောက်ပံ့ကြေးပေးသည့် အစီအစဉ်ကို ၂၀၁၇ ခုနှစ် အောက်တိုဘာလက စက်မှုဝန်ကြီးဌာနနှင့် MoU လက်မှတ်ရေးထိုးကာ မြန်မာနိုင်ငံတွင် စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ၂၀၂၀ ခုနှစ်တွင် စီမံကိန်းပြီးစီးမည်ဖြစ်သောကြောင့် ယခုအကြိမ်ထောက်ပံ့ကြေးပေးခြင်းသည် နောက်ဆုံးအကြိမ် ထုတ်ပေးခြင်းဖြစ်သည်။

J-11


  • VIA