News

POST TYPE

NEWS

ဦးဝီရသူအတွက် မေတ္တာပို့ကြသူများကို မရမ်းကုန်းတွင် အမှုဖွင့်
12-Jun-2019
ရန်ကုန်၊ ဇွန် ၁၂

စွယ်တော်စေတီတွင်ပြုလုပ်ခဲ့သည့် ဦးဝီရသူဘေးကင်းစေရေး မေတ္တာပို့ဆုတောင်းပွဲကို ဦးဆောင်သည့် ရဟန်းနှစ်ပါးနှင့် အမျိုးသား သုံးဦးကို ငြိမ်းစုစီပုဒ်မ ၁၉ ဖြင့် မရမ်းကုန်းမြို့မရဲစခန်းတွင် အမှုဖွင့်အရေးယူထားကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေနှင့်အညီ ခွင့်ပြုချက်မရရှိဘဲ ဆုတောင်းပွဲကို ဦးဆောင်ပြုလုပ်ခဲ့သည့် ဥူးသောဘိတ၊ ဥူးသုမဏနှင့် အမျိုးသားရေး တက်ကြွလှုပ်ရှားသူများဖြစ်သည့် မိုးလေး၊ ထွန်းကျော်၊ မင်းမင်းတို့ကို ဇွန်လ ၁၁ ရက် ညနေပိုင်းက မရမ်းကုန်းမြို့မ ရဲစခန်းတွင် ငြိမ်းစုစီ ပုဒ်မ ၁၉ ဖြင့် အမှုဖွင့်အရေးယူထားသည်ဟု ရဲတပ်ဖွဲ့ကဆိုသည်။

ဦးဝီရသူအတွက် ဆုတောင်းပွဲကို ဇွန် ၁၁ ရက် မွန်းလွဲ ၁ နာရီက စွယ်တော်စေတီတွင် ပြုလုပ်ခဲ့ပြီး သံဃာအပါး ၆၀ ခန့်နှင့် လူအင်အား ၆၀၀ ဦးခန့်က နိုင်ငံတော်အလံ၊ သာသနာ့အလံများ ကိုင်ဆောင်၍ စွယ်တော်စေတီမှ ကမ္ဘာအေးစေတီတော်အထိ စီတန်းလှည့်လည်ခဲ့ကြခြင်းဖြစ်သည်။

ရွှေတိဂုံဘုရားအရှေ့ဘက်မုခ်တွင် ဇွန် ၁၀ ရက်နေ့က ပြုလုပ်ခဲ့သည့် ဦးဝီရသူ ဘေးကင်းစေရေး ဆုတောင်းပွဲနှင့် ပတ်သက်၍ ဗဟန်းမြို့မ ရဲစခန်းမှ ဦးတေဇဝန္တ၊ ဥူးပညာဝံသ၊ ဥူးဇနိတ၊ ဥူးဝီရတေဇောနှင့် သက်မျိုးဦး၊ တင်ထွဋ်ဇော်၊ တင်အောင်ဆန်း၊ ဝင်းမော်၊ ထွန်းကျော် တို့ကို ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၁၉ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

S-03


  • VIA