News

POST TYPE

NEWS

မလေးရှားသို့သွားမည့် မြန်မာ ၃၈ ဦးထိုင်းတွင် သုံးရက်ကြာ လှောင်ပိတ်ခံရ
12-Jun-2019

ရန်ကုန်၊ ဇွန် ၁၁

မလေးရှားသို့ တရားမဝင် သွားရောက်မည့် မြန်မာလုပ်သား ၃၈ ဦးကို ပွဲစားမှ အခန်းအတွင်း သုံးရက်ကြာ ပိတ်လှောင် ထားမှုကို ကယ်ဆယ်ခဲ့ရကြောင်း ထိုင်းနိုင်ငံ အလုပ်သမားအရေးဆောင်ရွက်သူ ဦးစောမောင်က ပြောသည်။

“ပွဲစားက အလုပ်သမားတွေမိမှာ စိုးလို့ အခန်းထဲလှောင်ပိတ်ပြီး ထားတယ်။ အစားရေစာ ပြတ်လပ်နေတယ်။ စကားတောင် ကောင်းကောင်းမပြောနိုင်ဘူး။ ခုတော့ ရဲစခန်းမှာ စစ်ဆေးနေတယ်” ဟု ၎င်းက ဆိုသည်။

အဆိုပါ မြန်မာလုပ်သားများကို ထိုင်းနိုင်ငံ ဟတ်ယိုင်မြို့နယ်ရှိ တန်းလျားတစ်ခုတည်းတွင် ထိုင်းနိုင်ငံလူကုန်ကူး ရဲတပ်ဖွဲ့က ဖမ်းမိခြင်းဖြစ်ပြီး ပွဲစားမှာ လွတ်မြောက်သွားကြောင်း ဦးစောမောင်က ပြောသည်။ 

မြန်မာလုပ်သားများကို ထိုင်းသို့ တရားမဝင် ဗင်ကားဖြင့် အကြိုအပို့လုပ်ပေးနေသည့် ထိုင်းနိုင်ငံသား ၂ ဦးကို မသင်္ကာ၍ စစ်ဆေးရာမှ မြန်မာ ၃၈ ဦးအကြောင်း သိရှိသွားပြီး ကယ်ဆယ်ခဲ့ရခြင်းဖြစ်ကြောင်း ဇွန် ၁၀ ရက်က ထိုင်းသတင်းဌာန မာတီချွန်တွင် ဖော်ပြထားသည်။

“ထိုင်းနိုင်ငံသား ကားသမား ၂ ဦးက အဲဒီရပ်ကွက်မှာပဲနေတာ။ သူက တရားမဝင် လုပ်သားတွေ နိုင်ငံကူးဖို့ ကားနဲ့ အမြဲကြိုပို့ လုပ်နေတာ၊ ရဲကသိတော့ စစ်ဆေးရင်း မိတာပါ”ဟု ဦးစောမောင်က ဆိုသည်။

ထို့အပြင် တောတွင်း ပုန်းခိုနေသည့် တရားမဝင် လုပ်သား ၂၀ ခန့်ကိုလည်း ဇွန် ၁၀ ရက်နေ့က ဖမ်းဆီးရမိကြောင်း ထိုင်းနိုင်ငံ လူကုန်ကူးရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။  

J-18