News

POST TYPE

NEWS

နိုင်ငံခြားနှင့် ဖက်စပ်ကုမ္ပဏီများကို အသက်အာမခံနှင့် အထွေထွေအာမခံလုပ်ငန်း ခွင့်ပြုမည်
12-Jun-2019



ရန်ကုန်၊ ဇွန် ၁၁

ပြည်တွင်း အာမခံလုပ်ငန်းတွင် နိုင်ငံခြားပိုင်ကုမ္ပဏီလေးခုကို အသက် အာမခံလုပ်ငန်းနှင့် ဖက်စပ်ကုမ္ပဏီ ငါးခုကို အထွေထွေအာမခံလုပ်ငန်း ခွင့်ပြုမည်ဖြစ်ကြောင်း မြန်မာ့အာမခံလုပ်ငန်းရှင်များ အသင်း၏ ဥက္ကဋ္ဌ ဒေါက်တာစန္ဒာဦးက Into Myanmar Insurance Summit 2019 ၂၀၁၉ အခမ်းအနားတွင် ပြောကြားသည်။

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက နိုင်ငံခြားအသက်အာမခံ လုပ်ကိုင်ခွင့်များကို ယခုနှစ်ဇန်နဝါရီလ ၂ ရက်နေ့က ခွင့်ပြုကြောင်း ထုတ်ပြန်ခဲ့သည်။ 

အသက်အာမခံလုပ်ငန်း၌ မြန်မာနိုင်ငံတွင် ကိုယ်စားလှယ်ရုံးခွဲဖွင့်လှစ်ထားသည့် နိုင်ငံခြားအသက်အာမခံ ကုမ္ပဏီများကို ၁၀၀ ရာခိုင်နှုန်း ရင်းနှီးမြှုပ်နှံမှုပေးမည်ဖြစ်ပြီး အထွေထွေအာမခံလုပ်ငန်းများကို ပြည်တွင်း ပြည်ပကုမ္ပဏီများနှင့် ဖက်စပ်လုပ်ကိုင်ခွင့်များ ခွင့်ပြုသွားမည်ဖြစ်သည်။

“နောက် ရှစ်လပိုင်းလောက်ကျရင် အာမခံအကျိုးဆောင်တွေလည်း ခွင့်ပြုသွားဖို့ရှိတယ်”ဟု စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန၊ ငွေရေးကြေးရေး ကြီးကြပ်စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသန့်စင်က ပြောဆိုသည်။

အမေရိကန်၊ ဂျပန်ကုမ္ပဏီများ အပါအဝင် နိုင်ငံခြား အသက်အာမခံကုမ္ပဏီ ငါးခုကို ပြည်တွင်း၌ ပထမဆုံး လုပ်ကိုင်ခွင့်ပြုပြီးနောက် ရွေးချယ်မခံရသော ကျန်ကုမ္ပဏီများသည် ပြည်တွင်းရှိ အသက်အာမခံလုပ်ငန်း ကုမ္ပဏီများနှင့် ဖက်စပ်လုပ်ကိုင်ရာတွင် ရှယ်ယာ ၃၅ ရာခိုင်နှုန်း ပိုင်ဆိုင်မည်ဟု စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။ 

ပြည့်ဖြိုးမြင့်မွန်