News

POST TYPE

NEWS

လူ့အခွင့်အရေးဆိုင်ရာဥပဒေကို ဥပဒေကျောင်းသားအားလုံး မဖြစ်မနေသင်ယူရန်သတ်မှတ်
12-Jun-2019

ရန်ကုန်၊ ဇွန် ၁၁

လူ့အခွင့်အရေးပညာရေးကို မြှင့်တင်ရန် ရည်ရွယ်၍ လူ့အခွင့်အရေး ဆိုင်ရာဥပဒေကို တစ်နိုင်ငံလုံးရှိ ဝိဇ္ဇာ၊ သိပ္ပံတက္ကသိုလ်များ၌ ယခုနှစ်မှစ၍ ဥပဒေအထူးပြု တတိယနှစ် အားလုံး မဖြစ်မနေသင်ယူရကြောင်း ဒဂုံတက္ကသိုလ် ဥပဒေပညာဌာနထံမှ သိရှိရသည်။ 

ယင်းဥပဒေကို နေ့သင်တန်း ဥပဒေပညာအထူးပြု တတိယနှစ်ကျောင်းသားများသာမက အဝေးသင် ဥပဒေပညာ အထူးပြု တတိယနှစ်ကျောင်းသားများပါ မဖြစ်မနေ သင်ယူရမည်ဖြစ်ကြောင်း ယင်းဌာန၊ ပါမောက္ခဌာနမှူး ဒေါက်တာ မိခင်စောအောင်က ရှင်းပြသည်။

“တစ်နိုင်ငံလုံးမှာရှိတဲ့ ဥပဒေပညာ အထူးပြုတတိယနှစ် ကျောင်းသား၊ ကျောင်းသူအားလုံး မသင်မနေရဘာသာအဖြစ် သင်နေရပြီ”ဟု ပါမောက္ခ ဒေါက်တာ မိခင်စောအောင်က ဇွန်လ ၁၁ ရက်တွင် ဒဂုံတက္ကသိုလ်၌ သီးခြားတွေ့ဆုံစဉ် ပြောကြားသည်။ 

ယင်းဥပဒေကို ဒဂုံတက္ကသိုလ်နှင့် ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်တွင် ၂၀၁၇ ခုနှစ်မှစ၍ ရွေးချယ်သင်ယူခွင့်ရှိသည့် ဘာသာရပ်အဖြစ် သင်ပေးလျက်ရှိရာမှ ယခုနှစ်မှစ၍ တစ်နိုင်ငံလုံး တတိယနှစ် ဥပဒေအားလုံး မဖြစ်မနေသင်ယူရန် သတ်မှတ်ခြင်းဖြစ်သည်။

ထိုသို့သင်ကြားရန် ဒိန်းမတ်နိုင်ငံ Dinish Institute for Human Right နှင့် ယင်းတက္ကသိုလ်နှစ်ခုတို့ပေါင်း၍ တရားဥပဒေစိုးမိုးရေးနှင့် လူ့အခွင့်အရေးမြှင့်တင်ရေး (၂၀၁၆-၂၀၂၀) အစီအစဉ်အရ ၂၀၁၇ ခုနှစ်အတွင်းက သဘောတူလက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။ 

ဒိန်းမတ်သံရုံးအနေနှင့် မြန်မာဘာသာပြန် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး သဘောတူ စာချုပ်များနှင့် ရိုနာအမ်စမစ်ရေးသားသည့် နိုင်ငံတကာ လူ့အခွင့်အရေးဥပဒေ မြန်မာဘာသာပြန်ကို ဇွန်လ ၃ ရက်က ယင်းတက္ကသိုလ်များတွင် မိတ်ဆက် ရှင်းလင်းခဲ့သည်။ 

အဆိုပါဥပဒေကို ဥပဒေ ကျောင်းသား အားလုံး မဖြစ်မနေ သင်ယူရမည့် ဘာသာရပ်အဖြစ် ပြဋ္ဌာန်းလိုက်သဖြင့် ကျောင်းသား၊ ဆရာများနှင့် အခြား စိတ်ဝင်စားသူများအတွက် မြန်မာ ဘာသာပြန် စာအုပ်များ ရရှိရေးမှာ အရေးကြီးကြောင်း အဆိုပါသံရုံးက ဆိုသည်။

ဒဂုံတက္ကသိုလ်၊ ဥပဒေအထူးပြု ဒုတိယနှစ်အဝေးသင် ကျောင်းသူ မမေသရဖီမောင်က “အခု မသင်မနေရ ဘာသာရပ်အဖြစ် သင်ရတော့ ကောင်းပါတယ်။ ဆရာတွေကလည်း လိုအပ်လို့ မသင်မနေရအဖြစ် ထည့်လိုက်တယ်လို့ မြင်ပါတယ်”ဟု မှတ်ချက်ပေးသည်။

လက်ရှိတွင် ဥပဒေပညာအထူးပြု ကျောင်းသား၊ ကျောင်းသူများအနေနှင့် ထပ်တိုးသည့် လူ့အခွင့်အရေးဆိုင်ရာ ဥပဒေဘာသာရပ် အပါအဝင် Major Subject ၄ခု၊ Minor Subject ၂ ခု သင်ယူရကြောင်း ဒဂုံတက္ကသိုလ် ဥပဒေပညာဌာနထံမှ သိရှိရသည်။ 

ယင်းဥပဒေကို တတိယနှစ်မှစ၍ မဖြစ်မနေသင်ယူရန် တစ်နိုင်ငံလုံးရှိ တက္ကသိုလ်များမှ ဥပဒေပညာဌာန ပါမောက္ခများအားလုံး အစည်းအဝေးပြုလုပ်ကာ သဘောတူဆုံးဖြတ်ပြီးဖြစ်ကြောင်း ယင်းဌာနထံမှ သိရှိရသည်။

လူ့အခွင့်အရေးဆိုင်ရာ ဥပဒေဘာသာရပ်ကို ဥပဒေအထူးပြု ကျောင်းသားများသာမက နိုင်ငံတကာဆက်ဆံရေး ပညာအထူးပြု စတုတ္ထနှစ်ကျောင်းသားများအနေနှင့် ယခုနှစ်မှစ၍ သင်ယူနေရကြောင်း ယင်းဌာနထံမှ သိရှိရသည်။ 

J-05