News

POST TYPE

NEWS

ရန်ကုန်အစိုးရ လာမည့်ဘဏ္ဍာနှစ်တွင် ကျပ် ၇၇၀ ဘီလီယံကျော် သုံးမည်
12-Jun-2019
ရန်ကုန်၊ ဇွန် ၁၁

ရန်ကုန်တိုင်းဒေသကြီး အစိုးရအနေနှင့် လာမည့် ၂၀၁၉-၂၀ ဘဏ္ဍာရေး နှစ်တွင် ဘတ်ဂျက် ကျပ် ၇၇၂ ဒသမ ဝ၄၈ ဘီလီယံ အသုံးပြုသွားမည်ဖြစ်ကြောင်း တိုင်းအစိုးရ၏ ဘဏ္ဍာငွေ အရသုံးခန့်မှန်း ခြေငွေစာရင်း လျာထားချက်အရ သိရသည်။

ရန်ကုန်တိုင်းအစိုးရအနေနှင့် အဆိုပါ လျာထားဘတ်ဂျက်ကို ဇွန်လ ၁၁ ရက်နေ့ က တိုင်းလွှတ်တော် အရေးပေါ် အစည်း အဝေးတစ်ရပ်ခေါ်ယူကာ လွှတ်တော်သို့ တင်သွင်းခဲ့ခြင်းဖြစ်သည်။

အဆိုပါ အသုံးပြုမည့် ဘတ်ဂျက် ၇၇၂ ဒသမ ဝ၄၈ ဘီလီယံကို ရန်ကုန်တိုင်း အစိုးရအဖွဲ့ ၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ် ရငွေ ခန့်မှန်းငွေစာရင်းမှ အသုံးပြုသွား မည်ဖြစ်ကာ ရငွေသုံးငွေ ဘက်မျှသည့် သုံးစွဲမည့်စနစ်ဖြင့် ရေးဆွဲထားခြင်းဖြစ်ကြောင်း အဆိုပါ ဘတ်ဂျက် တင်သွင်းခဲ့သည့် ရန်ကုန်တိုင်းအစိုးရအဖွဲ့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းက ပြောကြားသည်။

ယင်းသို့ ရငွေနှင့် သုံးငွေ ဘက်ညီသည့် လျာထားဘတ်ဂျတ် ရေးဆွဲနိုင်ရန်အတွက် သက်ဆိုင်ရာ ဌာနဆိုင်ရာ အသီးသီးနှင့် ညှိုနှိုင်းခဲ့ရခြင်းဖြစ်ပြီး ပြည်ထောင်စု အစိုးရ၏ ဘဏ္ဍာရေးကော်မရှင်ထံ တင်သွင်းသွားရမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအနေနှင့် ရငွေအားဖြင့် အခွန်ဝေစုမှ ကျပ် ၂၄၈ ဒသမ ဝ၄၈ ဘီလီယံ၊ ပြည်ထောင်စုမှ ထောက်ပံ့ငွေ ကျပ် ၁၂၆ ဒဿမ ၄၃၂ ဘီလီယံ၊ အခွန်အကောက်ရငွေ ကျပ် ၆၉ ဒသမ ၉၉၃ ဘီလီယံ၊ အခြားသာမန်ရငွေ၊ ၁၃၄ ဒသမ ၄၀၁ ဘီလီယံ၊ ငွေလုံးဝင်ရင်း ရငွေ ၃၂ ဒသမ ၂၈၅ ဘီလီယံ၊ ကြွေးမြီ ရငွေ ၁၆၀ ဒသမ ၈၈၉ စုစုပေါင်း ကျပ် ၇၇၂ ဒသမ ဝ၄၈ ဘီလီယံရရှိကာ ယင်း ရငွေများကို သုံးစွဲရန် လျာထားဘတ်ဂျက်အနေနှင့် ထည့်သွင်းရေးဆွဲထားခြင်းဖြစ် သည်။

ထို့ပြင် တိုင်းအစိုးရအနေနှင့် အဆိုပါ လျာထားအသုံးစရိတ်တွင် ငွေလုံးငွေရင်း အသုံးစရိတ် ၁၃၄ ဒသမ ၃၅၃ ဘီလီယံ၊ လမ်းတံတား တည်ဆောက်ပြုပြင်ရေး လုပ်ငန်းများတွင် ၁၆၅ ဒသမ ၄၃၉ ၊ ဆည်မြောင်းနှင့် ကမ်းပြိုကာကွယ်ရေးအတွက် ၃၅ ဒသမ ၄၆၈ ဘီလီယံ ၊ လျှပ်စစ်မီးလင်း ရေး အတွက် ၄၅ ဒသမ ၄၂၅ ဘီလီယံ ၊ ဒေသဖွံ့ ဖြိုးရေး လုပ်ငန်းများအတွက် ၁၅၂ ဒသမ ၅၀ ဘီလီယံနှင့် ကျန်သည့် ဘတ်ဂျက်များကို ငွေလုံးငွေရင်း အသုံးစရိတ်များအတွက် အသုံးပြုသွားရန် လျာထားကြောင်း သိရသည်။

ရန်ကုန်တိုင်းအစိုးရ၏ အဆိုပါလျာ ထားဘတ်ဂျတ်နှင့် ပတ်သတ်၍ တိုင်း လွှတ်တော်ကိုယ်စားလှယ်များအနေနှင့် ဇွန်လ ၁၂ရက်နေ့က စတင်ကာ ဆွေးနွေးမှု များ ပြုလုပ်သွားမည်ဖြစ်ကာ လွှတ်တော်၏ အတည်ပြုချက်ကို ရယူရမည်ဖြစ်သည်။ 

ပြည်ထောင်စု အစိုးရသည် မြန်မာ နိုင်ငံ၏ လက်ရှိကျင့်သုံးလျက်ရှိသော ဧပြီ ၁ ရက်မှ မတ်လ ၃၁ ရက်ထိ ဘဏ္ဍာနှစ် သတ်မှတ်မှုအစား လာမည့် ၂၀၁၈-၁၉ ဘဏ္ဍာနှစ်မှစ၍ အောက်တိုဘာလ ၁ ရက်မှ စက်တင်ဘာလ ၃၀ ရက်အထိ ပြောင်းလဲပြင်ဆင်သတ်မှတ်ခဲ့သည်။ 

J-08



  • VIA