News

POST TYPE

NEWS

သမ္မတနှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ရွေးကောက်ပွဲဝင်မည်
09-Jun-2019



နေပြည်တော်၊ ဇွန် ၈ 

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့သည် ၂၀၂၀ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်သွားဦးမည်ဖြစ်ကြောင်း ပါတီ၏ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က ပြောကြားလိုက်သည်။

“သူတို့ ဝင်ရောက်ရွေးချယ်ခံမယ့် မဲဆန္ဒနယ်မြေတွေမှာတော့ မဲဆွယ်ခွင့်ရှိနေမှာပါ။ တစ်ပြည်လုံးအနေနဲ့ မဲဆွယ်ဖို့ဆိုရင်တော့ အုပ်ချုပ်ရေးရဲ့ ထိပ်ပိုင်း တာဝန်တွေကို သူတို့ စွန့်လွှတ်မှပဲ သူတို့လုပ်နိုင်ပါမယ်။ ၂၀၂၀ မှာတော့ ဝင်ရောက်အရွေး ချယ်ခံမှာပါ။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့က အင်မတန် အရည်အချင်းရှိတဲ့လူတွေကိုတော့ ဆက်ပြီးတော့ တိုင်းပြည်အတွက် သူတို့ရဲ့ လုပ်အားတွေလိုပါတယ်” ဟု ၎င်းက ဆိုသည်။

ဇွန်လ ၈ ရက်နေ့က နေပြည်တော်ရှိ စည်ပင်ရိပ်သာ အတွင်းပြုလုပ်သည့် စီအီးစီ (ဗဟိုအလုပ်အမှုဆောင်ကော်မတီ အစည်းအဝေး)အပြီးတွင် အထက်ပါအတိုင်း မီဒီယာများကို ပြောကြားခဲ့ခြင်းဖြစ်သည်။

“ရွေးကောက်ပွဲမှာ မသမာသောနည်းနဲ့ အနိုင်ရအောင် ကျွန်တော်တို့ လုံးဝကြိုးစားမှာမဟုတ်ပါဘူး။ ပြည်သူတွေရဲ့ရင်ထဲက ဆန္ဒမဲကိုတော့ရအောင် ကျွန်တော်တို့ ဥပဒေနဲ့ ညီတဲ့ နည်းလမ်းအားလုံးတော့ ကျွန်တော်တို့ ကြိုးစားမှာပါ။ 

တိုင်းရင်းသားပါတီတွေနဲ့ မဟာမိတ်ဖွဲ့ဖို့ကိစ္စကတော့ ကျွန်တော်တို့ စဉ်းစားရဦးမှာဖြစ်ပါတယ်။ အခုထိတော့ ဆုံးဖြတ်ချက်မကျသေးပါဘူး” ဟု ၎င်းက ထပ်လောင်းပြောကြားသည်။

ယင်းကိစ္စသည် ဒီမိုကရေစီ၏အခွင့်အရေးဖြစ်ပြီး နိုင်ငံသားတစ်ယောက်၏ အခွင့်အရေးဖြစ်ကြောင်း ရခိုင်အမျိုးသားပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဘရှိန်က မှတ်ချက်ပြုသည်။

 “ဒေါ်အောင်ဆန်းစုကြည် ဝင်မပြိုင်တော့ဘူးဆိုပြီး ကြေညာလိုက်တာနဲ့ တစ်ပြိုင်နက်ထဲ NLD ဟာ ရွေးကောက်ပွဲနိုင်စရာအကြောင်းမရှိတော့ဘူး” ဟု ၎င်းက ဆိုသည်။

သမ္မတ နှင့် နိုင်ငံတော်အတိုင်ပင်ခံသည် ယခင်ကပင် နိုင်ငံရေးအရ ပါတီထောင်ကာဝင်ပြိုင်ခဲ့ခြင်းဖြစ်သောကြောင့် အထွေအထူးပြောစရာမရှိကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီ၏ ပြောခွင့်ရသူ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေးက ပြောကြားသည်။

“တစ်ခုရှိတာက ခုဖြတ်သန်းခဲ့တဲ့ တာဝန်ယူခဲ့တဲ့ နှစ်ကာလအတွင်းမှာ အမှားအမှန်တွေကို ဝေဖန်ပိုင်းခြားပြီးတော့ အမှားတွေကိုပြင်ပြီး အကောင်းတွေကို သေသေချာချာလုပ်သွားမယ်ဆိုရင်တော့ မဆိုးဘူးပေါ့”ဟု ၎င်းက ဆိုသည်။

၂၀၂၀ ရွေးကောက်ပွဲကို လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲဖြစ်အောင် အစွမ်းကုန် ကြိုးစားသွားမည့်ကိစ္စကိုလည်း ထည့်သွင်းဆွေးနွေးထားပြီဖြစ်ကြောင်း ၊ ပါတီအတွင်းတွင် စည်းကမ်းအရ ၄၅ ဦး ကျော် အရေးယူထားပြီး ယင်းကိုယ်စားလှယ်များသည် ရွေးကောက်ပွဲတွင် ပြန်ယှဉ်ပြိုင်ခွင့်မရနိုင်အောင် တင်းကျပ်စိစစ်ထားကြောင်း ဒေါက်တာမျိုးညွန့်က ပြောကြားခဲ့သည်။

S-01