News

POST TYPE

NEWS

ယခုနှစ်တက္ကသိုလ်ဝင်တန်းဖြေဆိုသူ ခြောက်သိန်းခန့် စာမေးပွဲကျ
09-Jun-2019


ရန်ကုန်၊ ဇွန် ၈

ယခုနှစ်မတ်လက စစ်ဆေးခဲ့သည့် တက္ကသိုလ်ဝင် စာမေးပွဲတွင်ဖြေဆိုသူ ရှစ်သိန်းခွဲကျော်အနက် ၅၈၀,ဝ၀၀ ကျော် စာမေးပွဲကျရှုံးကြောင်း မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန၏ ထုတ်ပြန်ချက်များအရ သိရှိရသည်။ 

မေးခွန်းပုံစံသစ်ဖြင့် စစ်ဆေးသည့် ယခုနှစ်တွင် တစ်နိုင်ငံလုံးအောင်ချက်မှာ ၃၁ ဒသမ ၄၄ ရာခိုင်နှုန်းသာရှိပြီး ယမန်နှစ်က ၃၂ ဒသမ ၈၂ ရာခိုင်နှုန်း ရှိခဲ့ကြောင်း ယင်းဌာနထံမှ သိရှိရသည်။

အောင်ချက်ရာနှုန်း ယမန်နှစ်အောက်နည်းသော်လည်း အကြောင်းရင်းကိုမူ တိတိကျကျခေါင်းစဉ်တပ်ပြောရန်ခက်ခဲကြောင်း ယင်းဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာသိန်းဇံက ဆိုသည်။

စာမေးပွဲကျသည့် ကျောင်းသားများနှင့် မျှော်မှန်းရမှတ်မရသည့် ကျောင်းသားများအနေနှင့် အမှတ်စာရင်းပြန်စစ်ပေးရန် စာစစ်ဌာနကို တောင်းဆိုနိုင်မည် ဖြစ်သည်။

ယခုနှစ်စာမေးပွဲ ကျရှုံးသည့် ကျောင်းသားများအနေနှင့် ကျောင်းတစ်နှစ် ပြန်တက်ကာ စာမေးပွဲကို ထပ်မံဖြေဆိုနိုင် မည်ဖြစ်ကြောင်း အခြေခံပညာဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက ပြောကြားသည်။

မူအရ တက်ခွင့်ပြုသော်လည်း သက်ဆိုင်ရာကျောင်း၏ ကျောင်းသားအရေအတွက်၊ ကျောင်းအုပ်၏ ဆုံးဖြတ်ချက်အပေါ် မူတည်ကြောင်း ၎င်းက ထပ်မံပြောကြားသည်။

ယခုနှစ်အောင်ချက် နည်းသော်လည်း မွန်ပြည်နယ်ကမူ ၃၇ ဒသမ ၅၄ ရာခိုင်နှုန်းဖြင့် အောင်ချက်အမြင့်ဆုံး ဖြစ်သည်။ ချင်းပြည်နယ်ကမူ ၁၉ ဒသမ ၅၉ ရာခိုင်နှုန်းဖြင့် အောင်ချက်အနည်းဆုံး ဖြစ်သည်။

တစ်နိုင်ငံလုံး အောင်ချက် အနည်းငယ်ကျခြင်းမှာ မေးခွန်းပုံစံသစ်ဖြင့် စစ်ဆေးသဖြင့် အကျများခြင်းဖြစ်နိုင်ကြောင်း ရန်ကုန်မြို့ အထက(၁)ဒဂုံမှ ကျောင်းသားမိဘတစ်ဦးက မှတ်ချက်ပေးသည်။

သို့သော် မေးခွန်းပုံစံသစ်ဖြင့် မေးမြန်းခြင်းကြောင့် အောင်ချက်အနည်းငယ်ကျလာသည်ဟု မဆိုနိုင်သော်လည်း ဂုဏ်ထူးရဦးရေမှာ နည်းသွားကြောင်း ရူပဗေဒ ကထိက ဒေါက်တာဇော်မျိုးလှိုင်က သုံးသပ်သည်။

ခြောက်ဘာသာ ဂုဏ်ထူးရဦးရေ မှာ ယခုနှစ်တွင် ၅၄၀ ခန့်သာရှိပြီး ယမန်နှစ်က ၇၀၀ ကျော်ရှိသည်။ ယခုနှစ်တွင် ဂုဏ်ထူးရသူ ၄၃,ဝ၀၀ ကျော်သာရှိပြီး ယမန်နှစ်က ၇၅,ဝ၀၀ ကျော်ရှိသည်ဟု စာစစ်ဌာနထံမှ သိရှိရသည်။ 

ယခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဖြေဆိုသူ ၈ သိန်းခွဲကျော်ရှိပြီး အောင်မြင်သူ နှစ်သိန်းခြောက်သောင်းကျော်သာရှိကြောင်း စာစစ်ဌာန၏ ထုတ်ပြန်ချက်များအရ သိရှိရသည်။

J-05