News

POST TYPE

NEWS

မြန်မာ့ခရမ်းချဉ်မျိုးသစ် အကောင်းဆုံးဆုရရှိ
02-Jun-2019
ရန်ကုန်၊ ဇွန် ၁

တရုတ်-အာဆီယံ ဟင်းသီးဟင်းရွက် မျိုးသစ် စိုက်ပျိုးပြသပွဲတွင် အပင်ဖြစ်ထွန်းမှုကောင်း၍ အထွက်နှုန်းကောင်းခြင်းကြောင့် မြန်မာနိုင်ငံမှ ပါဝင်ပြသသည့် ခရမ်းချဉ် မျိုးသစ် CLN 2498D သည် အကောင်းဆုံးမျိုးသစ်တစ်မျိုးအဖြစ် ဆုရရှိခဲ့ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ စိုက်ပျိုးရေးသုတေသန ဦးစီးဌာနထံမှ သိရသည်။

ပြပွဲတွင် မြန်မာနိုင်ငံမှ အလားအလာကောင်း ဟင်းသီးဟင်းရွက်မျိုးသစ်များအဖြစ် ခရမ်းချဉ်၊ ခရမ်း၊ ဟင်းစား ပဲပုပ်၊ ရုံးပတီမျိုးသစ် ၁ မျိုးစီနှင့် ငရုတ်မျိုးသစ် ၃ မျိုး စုစုပေါင်း ၇ မျိုးဖြင့် ပါဝင်ပြသခဲ့ခြင်းဖြစ်ပြီး ယင်းခရမ်းချဉ်မျိုးသစ်သည် ရက် ၉၀ မှ ၉၅ ရက်အတွင်း အသီး စတင်ခူးဆွတ်နိုင်ကာ အသားအထူမှာ ၅ မီလီမီတာရှိကာ အသီးတွင် အကန့်နှစ်ကန့်ပါရှိကြောင်း၊ အသီးတစ်လုံးအလေး ချိန်မှာ ၅၀ ဂရမ်မှ ၇၀ ဂရမ်အထိရှိကြောင်း ယင်းဌာနထံမှ သိရသည်။

ခရမ်းချဉ်မျိုးသစ်တစ်ပင်လျှင် ဈေးကွက်ဝင်အသီး ၂၅ လုံးမှ ၃၅ လုံး အထိသီးကာ တစ်ဧကကို ၁၂၅၀ ပိဿာ ထွက်ရှိပြီး အပင်ညှိုးရောဂါနှင့် အဝါရောင် ရွက်တွန့်ရောဂါဒဏ်တို့ကို အသင့်အတင့် ခံနိုင်ရည်ရှိခြင်းကြောင့် အကောင်းဆုံးဆုကို ရရှိခဲ့ခြင်းဖြစ်ကြောင်း ယင်းဦးစီးဌာနထံမှ သိရသည်။

ပြပွဲတွင် ဘူး၊ ဖရုံ၊ သခွား၊ ခရမ်းချဉ်၊ ပြောင်း၊ ပဲပုပ်နှင့် ငရုတ်စသည့် ဟင်းသီးဟင်းရွက်မျိုးသစ်စုစုပေါင်း ၁၀၀၀ ကျော် ပါဝင်ပြသထားခြင်းဖြစ်ပြီး မြန်မာ၊ ထိုင်း၊ ကမ္ဘောဒီးယားနှင့် လာအိုနိုင်ငံများက ဟင်းသီးဟင်းရွက်မျိုးသစ်ပေါင်း ၄၄ မျိုး ပါဝင်စိုက်ပျိုးပြသခြင်းဖြစ်သည်။

တရုတ်-အာဆီယံ ဟင်းသီးဟင်းရွက် မျိုးသစ်ပြပွဲတွင် ခရမ်းချဉ်မျိုးသစ် CLN 2498D စိုက်ပျိုးပြသရန်အတွက် စိုက်ပျိုးရေးသုတေသန ဦးစီးဌာနက ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်နေ့က တရုတ်နိုင်ငံသို့ ပေးပို့ခဲ့ခြင်းဖြစ်ပြီး အပင်ဖြစ်ထွန်းမှုလည်း ကောင်းမွန်ကြောင်း စိုက်ပျိုးရေး သုတေသန ဦးစီးဌာနထံမှ သိရသည်။

J-11


  • VIA