News

POST TYPE

NEWS

သမ္မတဒေါ်နယ်ထရမ့်နှင့် ဆွေးနွေးပွဲ မအောင်မြင်ခြင်းကြောင့် ဆွေးနွေးပွဲစီစဉ်သူ သံတမန်နှင့် အပေါင်းပါ လေးဦးကို မြောက်ကိုရီးယား သေဒဏ်ပေး
31-May-2019



ဆိုးလ်၊ မေ ၃၁

မြောက်ကိုရီးယားအစိုးရ အာဏာပိုင်များသည် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်တို့၏ ဒုတိယအကြိမ်မြောက် ဆွေးနွေးပွဲတွင် အောင်မြင်သော အကျိုးရလဒ် ထွက်ပေါ်ခဲ့ခြင်း မရှိသောကြောင့် ဆွေးနွေးပွဲစီစဉ်ရန် တာဝန်ပေးခဲ့သော သံတမန်ကို သေဒဏ်ပေး ကွပ်မျက်လိုက်ပြီဖြစ်ကြောင်း The Nation က ဖော်ပြထားသည်။

The Nation သတင်းမီဒီယာသည် တောင်ကိုရီးယားသတင်းစာ Chosun Ilbo ၏ သတင်းဖော်ပြချက်ကို ကိုးကား၍ ယခုသတင်းကို ရေးသားခဲ့ခြင်းဖြစ်ပြီး နိုင်ငံ့ခေါင်းဆောင် ကင်ဂျုံအန်ကို သစ္စာဖောက်မှုဖြင့် သံတမန် ကင်မ်ဟုတ်ခ်ချောင်ကို သေနတ်ဖြင့်ပစ်သတ်ကာ ကွပ်မျက်လိုက်ခြင်းဖြစ်သည်ဟု Chosun Ilbo က ဆိုသည်။

သံတမန် ကင်မ်ဟုတ်ချောင်သည် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်တို့ လွန်ခဲ့သည့် ဖေဖော်ဝါရီလ၌ ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့တွင် ဒုတိယအကြိမ်မြောက်အဖြစ် တွေ့ဆုံဆွေးနွေးဖြစ်စေရန် အမေရိကန်ပြည်ထောင်စု အထူးကိုယ်စားလှယ် စတီဖင်ဘိုင်ဂန်းနှင့် တာဝန်ယူညှိနှိုင်းခဲ့ရသူဖြစ်ပြီး ၎င်းမှာ ဆွေးနွေးပွဲတွင် အလားအလာကောင်းများရရှိနိုင်သည်ဟု သတင်းမှားများ ပေးခဲ့ခြင်းကြောင့် ကင်ဂျုံအန်က ဒေါသပေါက်ကွဲကာ နေရပ်သို့ ပြန်ရောက်သည်နှင့် ပစ်သတ်ရန် အမိန့်ပေးလိုက်ခြင်းဖြစ်ကြောင်း ဆက်စပ်သတင်းများလည်း ထွက်ပေါ်နေသည်။

သံတမန် ကင်မ်ဟုတ်ချောင်နှင့် မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးဌာန အကြီးတန်းအရာရှိလေးဦးတို့သည် လွန်ခဲ့သည့်မတ်လ၌ မီရင်မ်လေဆိပ်တွင် ပစ်သတ်ကွပ်မျက်ခံလိုက်ကြရပြီး သမ္မတ ဒေါ်နယ်ထရမ့်နှင့်တွေ့ဆုံဆွေးနွေးပွဲတွင် မည်သည့်သဘောတူညီချက်ကိုမျှ မရယူနိုင်ဘဲ အချိန်ကုန်လူပန်းဖြစ်ခဲ့ရခြင်းကြောင့် ကင်ဂျုံအန် အရေးယူလိုက်သူများအနက်တွင် ၎င်း၏စကားပြန်အမျိုးသမီး ရှင်ဟေးယောင်နှင့် ပါတီအကြီးတန်းအရာရှိတစ်ဦးဖြစ်သူ ကင်မ်ယောင်ချောင်တို့လည်း ပါဝင်သွားခဲ့သည်။

စကားပြန် ရှင်ဟေးယောင်သည် ကင်ဂျုံအန် ပြောကြားသည့်စကားတစ်ခွန်းကို ဘာသာပြန်၍ သမ္မတဒေါ်နယ်ထရမ့်ကို အသိပေးရန် ပျက်ကွက်ခဲ့ခြင်းကြောင့် အကျဉ်းစခန်းသို့ ပို့ဆောင်ခြင်း ခံလိုက်ရပြီဖြစ်ပြီး ပါတီအကြီးတန်းအရာရှိ ကင်မ်ယောင်ချောင်ကိုမူ အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေးဝန်ကြီး မိုက်ခ်ပွမ်ပီယိုနှင့် နျူကလီးယားအရေး တွေ့ဆုံစကားပြောဆိုရာ၌ အောင်မြင်မှုမရခဲ့ဟူသော အကြောင်းပြချက်ဖြင့် ကင်ဂျုံအန်က အလုပ်စခန်းသို့ ပို့လိုက်ပြီဖြစ်သည်။

E-11