News

POST TYPE

NEWS

စစ်ကိုင်းတိုင်းရှိ မြို့နယ် ၆ ခုတွင် သစ်တောများ ပြန်လည်ထူထောင်ရေးစီမံကိန်းစ
29-May-2019
ကလေး၊ မေ၂၉

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်ခြောက်မြို့နယ်တွင် သစ်တောများ ပြန်လည်ထူထောင်ရေးစီမံကိန်းကို စတင်ဆောင်ရွက်နေကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနအား ပူးတွဲကိုင်တွယ်နေသော ချင်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးလာလ်ထောင်ထန်းက ပြောကြားသည်။

အဆိုပါစီမံကိန်းကို သဘာဝထိန်းသိမ်းသူများအဖွဲ့ The Nature Conservancy နှင့် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်သည်။ 

အင်းတော်၊ ကန့်ဘလူ၊ ကသာ၊ ကောလင်း၊ ကျွန်းလှနှင့် ထီးချိုင့်မြို့နယ်တို့ ရှိ ကျေးရွာ ၁၂ ရွာကို ရွေးချယ်ပြီး ကျဆင်းသွားသော သစ်တောအရည်အသွေးများကို မူလအတိုင်းဖြစ်ရန်၊ သဘာဝထိန်းနယ်မြေနှစ်ခု၊ ရေဝေရေလဲဧရိယာတစ်ခုအတွက် ရေမြေတောတောင်ဝန်းကျင် ပြုစုပျိုးထောင်ရန်၊ တောပြုန်းဧရိယာ ဟက်တာကိုးသောင်းကို ပြန်လည်ပျိုးထောင်ရန်နှင့် ကာဗွန်ထုတ်လုပ်မှုတန်သုံးသန်းအားလျှော့ချနိုင်ရန် စီမံချက်ဖြင့်ဆောင်ရွက်နေခြင်းဖြစ်သည်။

“အဲဒီနေရာတွေမှာရှိတဲ့ သစ်တောတွေက ပြုန်းတီးနေပြီ။ အဲဒါကြောင့် ပြန်လည်ထူထောင်ဖို့လုပ်နေတာ”ဟု ဝန်ကြီးဦးလာလ်ထောင်ထန်းက ပြောဆိုသည်။

စစ်ကိုင်းတိုင်းတွင် သစ်တောဖုံးလွှမ်းသည့်ဧရိယာမှာ တိုင်းဒေသကြီးတစ်ခုလုံး၏ ၄၇ ရာခိုင်နှုန်းကျော်ရှိပြီး ကြိုးဝိုင်း ၁၆၁ ခု၊ ကြိုးပြင်ကာကွယ်တော ၁၀၄ ခု၊ သဘာဝထိန်းသိမ်းရေးနယ်မြေ ၅ ခုရှိပြီး သစ်တောနယ်မြေဧက ကိုးသန်းကျော်ရှိကြောင်း သစ်တောဦးစီးဌာနထံမှ သိရသည်။

R-20