News

POST TYPE

NEWS

ဂျပန်တွင် ဓားထိုးတိုက်ခိုက်မှု ဖြစ်ပွား၊ ၁၆ ဦး ဒဏ်ရာရပြီး တရားခံအပါအဝင် နှစ်ဦး သေဆုံး
28-May-2019


ကာဝါဆာကီ၊ မေ ၂၈

ဂျပန်နိုင်ငံ ကာဝါဆာကီမြို့တွင် အများပြည်သူ လာရောက်အပန်းဖြေသော ပန်းခြံတစ်ခုအတွင်း ယနေ့ (အင်္ဂါနေ့) တွင် လူတစ်ဦးက ပန်းခြံပတ်ဝန်းကျင်တွင် ရောက်ရှိနေသူများကို ဓားဖြင့် လိုက်ထိုးခဲ့ပြီး ယင်းဖြစ်စဉ်ကြောင့် လူ ၁၆ ဦး ထိခိုက်ဒဏ်ရာရသွားခဲ့ကြောင်း၊ လက်ရှိတွင် တရားခံအပါအဝင် နှစ်ဦး သေဆုံးသွားခဲ့ပြီဖြစ်ကြောင်း CNN က ဖော်ပြထားသည်။

ကာဝါဆာကီ မီးသတ်ဌာနသည် ယနေ့နံနက် ၇ နာရီ ၄၄ မိနစ်တွင် ယင်းအချင်းအရာနှင့်စပ်လျဉ်း၍ အရေးပေါ်ဖုန်းခေါ်ဆိုမှုတစ်ခု လက်ခံရရှိခဲ့ပြီး ဓားထိုးတိုက်ခိုက်ခံရမှုကြောင့် အရွယ်ရောက်ပြီးသူ ရှစ်ဦးနှင့် ကလေးငယ် ရှစ်ဦး ဒဏ်ရာများ ရသွားခဲ့ကြောင်း ကာဝါဆာကီ မီးသတ်ဌာန၏ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် အေကီရာ တာနာကာကလည်း အသိပေးထားသည်။

ဓားထိုးတိုက်ခံခဲ့ရသူများအနက်တွင် သုံးဦးမှာ စိုးရိမ်ဖွယ်ရာအခြေအနေတွင် ရှိနေပြီး ယင်းသို့ အသက်အန္တရာယ်စိုးရိမ်ရသူ သုံးဦးအနက်တွင် တစ်ဦးမှာ အခြေခံပညာသင်ကြားနေသော ကျောင်းသားငယ်လေးဖြစ်သည်။

ရဲတပ်ဖွဲ့၏ နောက်ဆုံးရသတင်းထုတ်ပြန်ချက်များအရ တရားခံမှာ  ပန်းခြံအနီးတွင် ကျောင်းကားစောင့်နေသော ကလေးငယ်များကို အဓိကပစ်မှတ်ထား၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု သိရပြီး ယခုဓားထိုးတိုက်ခိုက်ခံရမှုဖြစ်စဉ်တွင် အသက်ဆုံးရှုံးသွားခဲ့ရသူမှာ မိန်းကလေးငယ်လေးတစ်ဦးဖြစ်ကြောင်း ရဲတပ်ဖွဲ့က ဆက်လက်အသိပေးထားသည်။

ရဲတပ်ဖွဲ့သည် ပြစ်မှုကျူးလွန်သူ တရားခံကို အသေဖမ်းဆီးရမိခဲ့ပြီး ပြစ်မှုကျူးလွန်သူမှာ ရဲများရောက်ရှိလာချိန်တွန် ၎င်း၏လည်ပင်းကို ဓားဖြင့်ထိုးစိုက်၍ ကိုယ့်ကိုယ်ကိုယ် သတ်သေသွားခဲ့ခြင်းဖြစ်သည်။

E-11


  • VIA