News

POST TYPE

NEWS

ဂျပန်လုပ်ငန်းရှင်များက မြန်မာ အလုပ်သမားများ၏ စိတ်ဓာတ်နှင့် လုပ်ကိုင်နိုင်စွမ်းကို စိတ်ဝင်စားဟုဆို
08-Nov-2016


ရန်ကုန်၊ နိုဝင်ဘာ ၈

 

ဂျပန်နိုင်ငံတွင် အလုပ်သမား ရှားပါးမှု ပြဿနာ ရင်ဆိုင်နေရသည်မှာ နှစ်ပေါင်း ကြာမြင့်နေပြီး မြန်မာ အလုပ်သမားများ၏ လုပ်ကိုင်နိုင်စွမ်းနှင့် စိတ်ဓာတ်ပိုင်းဆိုင်ရာကို ဂျပန်လုပ်ငန်းရှင်များ စိတ်ဝင်စားမှုရှိ၍ လက်ရှိတွင် မြန်မာ အလုပ်သမား များစွာ လိုအပ်လျက်ရှိကြောင်း ဂျပန် ပြည်ပ အလုပ်အကိုင် အေဂျင်စီကုမ္ပဏီ Seller Buyer Society SBS Group ထံမှ သိရသည်။

 

“ဂျပန်လုပ်ငန်းရှင်တွေထံက မြန်မာ အလုပ်သမား သင်တန်းသားတွေရဲ့ ကောင်းသတင်းကို ကြားနေရတယ်။ ဂျပန်နိုင်ငံရဲ့ အလုပ်အကိုင် အခွင့်အလမ်း ကောင်းအောင် မြန်မာ အလုပ်သမားတွေနဲ့ လုပ်ကိုင်ချင်တယ်။ တစ်နှစ်ကို အလုပ်သမား ခြောက်သောင်းအထိရဖို့ အိပ်မက် တစ်ခုလို မျှော်လင့်တယ်”ဟု SBS Group တာဝန်ရှိ တစ်ဦးက ဆိုသည်။

 

နိုဝင်ဘာလ ၈ ရက်၊ နတ်မောက်လမ်း သွယ် ၁ လမ်းရှိ Towards 21 Service ကုမ္ပဏီရုံးတွင် ဂျပန်နိုင်ငံသို့ မြန်မာ အလုပ်သမား သွားရောက် အလုပ် လုပ်ကိုင်ခြင်းနှင့်ပတ်သက်ပြီး သတင်းစာ ရှင်းလင်းပွဲတွင် ၎င်းက ပြောကြားခြင်းဖြစ်သည်။

 

လက်ရှိ ဂျပန်နိုင်ငံတွင် အလုပ်သမား နှစ်သိန်းခန့် နှစ်စဉ် လိုအပ်ချက်များ ရှိပြီး အဆိုပါ နိုင်ငံတွင် တရုတ်လူမျိုး ၇ဝ ရာခိုင်နှုန်း လုပ်ကိုင်ပြီး ဗီယက်နမ်၊ အင်ဒိုနီးရှာ၊ ဖိလစ်ပိုင်၊ လာအို၊ ကမ္ဘောဒီးယား၊ ထိုင်း၊ မွန်ဂို၊ သီရိလင်္ကာ၊ နီပေါ နှင့် မြန်မာလူမျိုးတို့မှာ ၃ဝရာခိုင်နှုန်း ရှိကြောင်း Towards 21 Service ပြည်ပ အလုပ်အကိုင် ဝန်ဆောင်မှု ကုမ္ပဏီ မန်နေဂျင်း ဒါရိုက်တာ ဦးမျိုးသန်းက ဆိုသည်။

 

“အရင်က တရုတ်သင်တန်းဆင်းတွေ အများကြီး အလုပ် လုပ်ခဲ့တယ်။ အခု သိသိသာသာ လျော့ကျသွားတဲ့အတွက် အလုပ်သမား လိုအပ်ချက် အခက်အခဲကို ဂျပန် လုပ်ငန်းရှင်တွေ ခံစားနေရတာ ဖြစ်တယ်။ တရုတ် အလုပ်သမားတွေအစား မြန်မာ အလုပ်သမားတွေကို အလိုရှိတာ ဖြစ် တယ်”ဟု ၎င်းက ဆိုသည်။

 

ဂျပန်နိုင်ငံသို့ သွားရောက် အလုပ် လုပ်ကိုင်မည့် သူများသည် အေးဂျင့်က သင်ကြားသည့် ခြောက်လ သင်တန်းကို တတ်မြောက်ပြီးမှ ဂျပန်နိုင်ငံသို့ အလုပ် လုပ်ကိုင်နိုင်မည်ဖြစ်ပြီး နည်းပညာ ကျွမ်းကျင်အဆင့်အထိ တတ်မြောက်ထားသူ အနေနှင့် ဂျပန်လူမျိုးနည်းတူ လုပ်ခလစာ ရရှိကြောင်း Towards 21 Service ပြည်ပ အလုပ်အကိုင် ဝန်ဆောင်မှု ကုမ္ပဏီထံမှ သိရသည်။

 

အလုပ်သမား လိုအပ်ချက်အရ ဂျပန်နိုင်င်ငံသို့ မြန်မာ အလုပ်သမား သွားရောက် အလုပ် လုပ်ကိုင်မှုသည် ယခင်နှစ်များထက် တိုးလာပြီး ၂၁၁၄-၂ဝ၁၅ ခုနှစ်တွင် အလုပ်သမား ၄ဝဝ ခန့် သွားရောက်ခဲ့ကြောင်း၊၂ဝ၁၆ နှစ်ကုန်ပိုင်းအထိ ၆ဝဝ ကျော်ရှိကြောင်း၊ ဂျပန်နိုင်ငံသို့ ပို့ဆောင်သည့် အေဂျင်စီကုမ္ပဏီ ၂၅ ခုကျော်ရှိကြောင်း မြန်မာပြည်ပ အလုပ်အကိုင် ဝန်ဆောင်မှု လုပ်ငန်းရှင်များ အဖွဲ့ချုပ် MOEAF တွဲဖက် အတွင်းရေးမှူး ဦးကျော်ဇောက ပြောကြားသည်။

 

ဂျပန် SBS Group ကုမ္ပဏီနှင့် Towards 21 Service ကုမ္ပဏီ ပူးပေါင်းပြီး ၂ဝ၁၂ ခုနှစ်တွင် ဂျပန်နိုင်ငံရှိ စက်ရုံ၊ အလုပ်ရုံ ၂၈၅ ခုသို့ မြန်မာ သင်တန်းသား အလုပ်သမား စေလွှတ်ခဲ့ကြောင်း၊ တစ်နှစ်လျှင် အလုပ်သမား ၁ဝဝ ပို့ဆောင်လျက် ရှိပြီး လက်ရှိအလုပ်သမား ၄ဝဝ ပို့ဆောင်ထားကြောင်း အဆိုပါ ကုမ္ပဏီများထံမှ သိရသည်။


  • VIA