News

POST TYPE

NEWS

လက်ဝါးရိုက်ပြီး အင်းလေလံယူပါက လုပ်ခွင့်ရုပ်သိမ်းပြီး အမည်ပျက်စာရင်းသွင်းမည်ဟု သတိပေး
27-May-2019


တောင်ငူ၊ မေ ၂၇

ပဲခူးတိုင်းအတွင်း ငါးလုပ်ငန်းဦးစီးဌာနများမှ ဂရန်အင်းများလေလံလျှောက်ထားရယူသည့် အင်းလုပ်ငန်းရှင်များနှင့် အစုအဖွဲ့လုပ်ကိုင်သူများသည် အချင်းချင်း လက်ဝါးရိုက်ပြီး လုပ်ပိုင်ခွင့်ရယူသွားသည်ကို စစ်ဆေးတွေ့ရှိပါက လုပ်ကိုင်ခွင့်ရပ်ဆိုင်းကာ အမည်ပျက်စားရင်းသွင်းမည်ဖြစ်ကြောင်း တောင်ငူခရိုင် ငါးလုပ်ငန်းဦးစီးဌာနထံမှ သိရှိရသည်။

တိုင်းအတွင်း မြို့နယ် ၂၈ ခုမှ အစိုးရပိုင်ဂရန်အင်းများကို ပြီးခဲ့သည့်ရက်ပိုင်းမှစပြီး ၂၀၁၉-၂၀ ဘဏ္ဍာနှစ်အတွက် လေလံခေါ်နေခြင်းဖြစ်ပြီး မေလ ၂၇ ရက်၊ နံနက်ပိုင်းက တောင်ငူ၊ ထန်းတပင်နှင့် ရေတာရှည်မြို့နယ်များရှိ အင်းပေါင်း၂၁ ခုအတွက် လေလံတင်ရောင်းချခဲ့သည်။

တောင်ငူခရိုင် လေလံခေါ်ယူရေးအဖွဲ့ဝင် ဖြူးမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်မြမြစိုးက “ပဲခူးတိုင်း ရေချိုငါးလုပ်ငန်းဥပဒေအရ စည်းကမ်းချက်တွေ ချထားတယ်။ စည်းကမ်းချက်၂၆ ချက်အနက် နံပါတ် ၁၀ မှာ အင်းလေလံဆွဲသူ အချင်းချင်းညှိနှိုင်းပြီး ပန်းကြေးပေး လုပ်ကိုင်ခွင့်ရယူတာတွေ့ရှိရင် လုပ်ငန်းကို ရပ်ဆိုင်းမယ်။ အင်းသားအမည်ကို နာမည်ပျက်စာရင်းသွင်းမယ်”ဟု ပြောကြားသည်။

ပဲခူးတိုင်းတွင် အင်းပေါင်းများစွာရှိပြီး ရေချိုငါးဖမ်းလုပ်ငန်းဥပဒေသစ်ကို ၂၀၁၈ ဇန်နဝါရီလခန့်က ပြဋ္ဌာန်းခဲ့ပြီးဖြစ်ကာ ပန်းကြေးမပေးဘဲ အပြိုင်လေလံဝယ် ယူကြသည့်အခါ တန်ဖိုးကျပ်သိန်း၄၀ မပြည့်သည့် အင်းတစ်ခုပင်လျှင် ကျပ်သိန်း ၅၀၀ ခန့်ရသည့် သာဓကများရှိပြီး အဆိုပါပိုလျှံငွေကြေးသည် စာသင်ကျောင်းသစ်တစ်ခု တည်ဆောက်နိုင်ကြောင်း ထန်းတပင်မြို့နယ် တိုင်းလွှတ်တော်အမတ် ဦးဌေးလွင်က ပြောကြားသည်။

အင်းတစ်ခု၏လေလံဈေးနှုန်းသတ်မှတ်ချက်သည် အစိုးရကသတ်မှတ်ထားခြင်းဖြစ်ပြီး ကြမ်းခင်းဈေးထက် ပိုပေးနိုင်သူကိုသာ ရောင်းချခွင့်ပြုပေးရမည်ဟု ဥပဒေသတ်မှတ်ထား၍ အင်းလုပ်ငန်းရှင်ကိုဖြစ်စေ၊ အစုအဖွဲ့လိုက်ကိုဖြစ်စေ ဦးစားပေးပြီးရောင်းချခြင်းမပြုနိုင်ကြောင်း တောင်ငူခရိုင်ငါးလုပ်ငန်းဦးစီးဌာန ဒုတိယညွန်ကြားရေးမှူးဦးသက်အေးက ရှင်းပြသည်။

“အင်းလေလံယူသူနဲ့ လယ်သမား အဓိကပြဿနာက ရေသွင်းရေထုတ်လုပ်ငန်းတွေပါ။ ဒါတွေကိုလည်း ဘယ်လိုပုံစံဖြေရှင်းပေးမယ်ဆိုတာ သိချင်တယ်”ဟု ရေတာရှည်မြို့နယ် ရွှေတဇောင်းအင်းအနီး စပါးငါးတွဲဖက်လုပ်ကိုင်သူ ဦးသန်းအောင်က ပြောသည်။

တောင်ငူခရိုင် ၆ မြို့နယ်အနက် ဖြူး၊ အုတ်တွင်းနှင့် ကျောက်ကြီးမြို့နယ်များအတွက် ဂရန်အင်း ၅၇ ခုကို ပြီးခဲ့သည့်ရက်ပိုင်းက လေလံရောင်းချခဲ့ပြီး ငွေကျပ် သိန်း ၈၀၀ ကျော်ရရှိခဲ့ပြီး တောင်ငူ၊ ထန်းတပင်နှင့် ရေတာရှည်တွင် ဂရန်အင်း ၂၁ ခုအနက် ၇ ခုသာ လေလံအောင်မြင်ပြီး ငွေကျပ်သိန်း ၇၀ ကျော်ရရှိကြောင်း တောင်ငူခရိုင် ငါးလုပ်ငန်းဦးစီးဌာနထံမှ သိရှိရသည်။ 

R-15