News

POST TYPE

NEWS

ရန်ကုန်နှင့် မွန်တွင် ပျိုးပင်ပေါင်း သုံးထောင်ကျော် စိုက်ပျိုးမည်
27-May-2019



ရန်ကုန်၊ မေ ၂၆ 

သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ အပူချိန်လျှော့ချနိုင်ရေးနှင့် ဇီဝမျိုးစုံ မျိုးကွဲထိန်းသိမ်းနိုင်ရေးရည်ရွယ်၍ ရန်ကုန်နှင့် မွန်ပြည်နယ်တို့တွင် ပျိုးပင်ပေါင်း သုံးထောင်ကျော်ကို ဇွန်လအတွင်းစိုက်ပျိုးသွားမည်ဖြစ်ကြောင်း ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးအသင်း (BANCA) ထံမှ သိရသည်။ 

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်အတွင်း ကံ့ကော်၊ ခရေနှင့် မန်ဂျန်ရှား ပျိုးပင်ပေါင်းတစ်ထောင်ကို စိုက်ပျိုးမည်ဖြစ်ပြီး၊ မွန်ပြည်နယ်ရှိ Ramsar Site အနီးဝန်းကျင်ရှိ ကျေးရွာသုံးရွာတွင်လည်း ပျိုးပင်ပေါင်းနှစ်ထောင်ကို သစ်တော ဦးစီးဌာနနှင့် ပူးပေါင်းကာ စိုက်ပျိုးသွားမည်ဖြစ်ကြောင်း အဆိုပါအသင်းမှ ဒါရိုက်တာ (သုတေသနနှင့် ထိန်းသိမ်းရေး) ဒေါက်တာ သီရိဒေဝီအောင်က ပြောကြားသည်။

အလားတူ မန္တလေးတိုင်းဒေသကြီး အတွင်း၌လည်း ပျိုးပင်များစိုက်ပျိုးသွားမည်ဖြစ်ပြီး ပျိုးပင်အရေအတွက် အတိအကျကို မတွက်ချက်ရသေးဘဲ စီစဉ်ဆောင်ရွက်နေဆဲသာဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

“အဓိကတော့ BANCA က မျိုး စိတ်တွေထိန်းသိမ်းတာဆိုတော့ ရာသီဥတု ပြောင်းလဲတာနဲ့ပတ်သက်ပြီး အပူလျှော့ချ ချင်တာပေါ့။ Habitat Restoration လည်း ပါတာပေါ့။ ငှက်တွေအသိုက်ဆောက်ဖို့ နေဖို့အတွက် အပင်တွေများများစိုက်ပေးတာပေါ့”ဟု ဒေါက်တာသီရိဒေဝီအောင်က ဆိုသည်။

အဆိုပါ အသင်းအနေနှင့် မိုးရာသီ သစ်ပင်စိုက်ပျိုးခြင်းကို ၂၀၁၆ ခုနှစ်မှ စတင်၍ မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်ရှိ ကေလာသတောင်၏ ပတ်ဝန်းကျင်ကျေးရွာများနှင့် Ramsar Site အနီးဝန်းကျင် ကျေးရွာများတွင် လုပ်ဆောင်ခဲ့ရာ သုံးနှစ်ရှိပြီဖြစ်ကြောင်း ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးအသင်း (BANCA) ထံမှ သိရသည်။ 

ယင်းသို့စိုက်ပျိုးရာတွင် ၂၀၁၆ နှင့် ၂၀၁၇ ခုနှစ်အတွင်းက သစ်ပင်ပေါင်းနှစ်သောင်းကျော် စိုက်ပျိုးခဲ့ပြီး ရှင်သန်သည့် အပင်စာရင်းကို စာရင်းကောက်ယူခဲ့ရာတွင် အပင်ရေ ၆၀၀၀ ကျော်သာရှင်သန်သည်ကို တွေ့ရှိခဲ့ရကြောင်း ဒေါက်တာ သီရိဒေဝီအောင်က ထပ်လောင်းပြောဆိုသည်။

E-03