POST TYPE

NEWS

ရှမ်းချယ်ရီ ပရဟိတပညာရေးဂေဟာ၌ လာရောက်အပ်နှံသည့် မိဘမဲ့ကျောင်းသူများ နှစ်စဉ်မြင့်တက်
27-May-2019

ကျိုင်းတုံ၊ မေ ၂၆

ကျိုင်းတုံမြို့ ရှမ်းချယ်ရီ ပရဟိတ ပညာရေးဂေဟာတွင် မိဘမဲ့နှင့် ဆင်းရဲနွမ်းပါးသည့် တိုင်းရင်းသူကလေးများကို ပညာသင်ပေးလျက်ရှိရာ လာရောက် အပ်နှံသူ နှစ်စဉ်မြင့်တက်လာကြောင်း အဆိုပါဂေဟာကြီးကြပ်ရေး ကော်မတီနာယက ဦးစိုင်းဇော်မင်းက ပြောကြားသည်။

“ထူးထူးခြားခြားအနေနဲ့ ဒီနှစ်မှာတော့ ပညာသင်ကြားလိုတဲ့ အဲန် တိုင်းရင်းသူတွေ ရောက်ရှိလာခဲ့တယ်။ ကလေးတွေရဲ့ ပညာရေးကိုတော့ စေတနာနဲ့ ဆရာ၊ ဆရာမတွေက အခမဲ့လာရောက်သင်ကြားပေးကြသလို နေ့စဉ် ကျွေးမွေး စရိတ်လည်း အလှူရှင်တွေက ကျွေးမွေးလှူဒါန်းပေးတယ်”ဟု ၎င်းက ရှင်းပြသည်။

မိဘမဲ့၊ ဆင်းရဲနွမ်းပါး၊ မိဘတစ်ဖက်မဲ့ တိုင်းရင်းသူကလေးများကို ၂၀၁၇ ခုနှစ် မေလကစတင်၍ အတန်းပညာရပ်များ သင်ပေးသည့်အပြင် ကွန်ပျူတာ၊ အနုပညာ၊ အင်္ဂလိပ်စကားပြောစသည့် ပညာများကိုပါ သင်ကြားပေးခဲ့ကြောင်း၊ နှစ်စဉ်လာ ရောက်အပ်နှံသူများပြားသဖြင့် အိပ်ဆောင် အခက်အခဲများကြောင့် ရွေးချယ်စိစစ်လက်ခံနေရကြောင်း ယင်းဂေဟာအုပ်ချုပ်ရေးမှူး ဆရာမ နောင့်နောင့်က ဆိုသည်။

ကျိုင်းတုံစော်ဘွားကြီး၏ ဇနီးဖြစ်သူ နေထိုင်ခဲ့သည့် ဟော်ကျိုင်းကောင်းတွင် မိဘမဲ့နှင့်ဆင်းရဲနွမ်းပါး တိုင်းရင်းသူများကို အခမဲ့နေထိုင်စေ၍ ပညာသင်ကြားပေးခဲ့ရာ ၂၀၁၆-၂၀၁၇ ပညာသင်နှစ်တွင် ကျောင်းသူ ၁၆ ဦးကို စတင်လက်ခံ သင်ကြားပေးခဲ့ပြီး ၂၀၁၇-၂၀၁၈ ပညာသင်နှစ်တွင် ၂၆ ဦး၊ ၂၀၁၈-၂၀၁၉ ပညာ သင်နှစ်တွင် ၃၀ ဦးနှင့် လက်ရှိ ၂၀၁၉-၂၀၂၀ ပညာသင် နှစ်တွင် ၄၂ ဦး ပညာသင် ကြားပေးနေကြောင်း သိရသည်။

R-16