POST TYPE

NEWS

တောင်ဥက္ကလာပမြို့နယ်တွင် စည်ပင်ကိစ္စများနှင့်ပတ်သက်၍ တစ်ရက်လျှင် တိုင်ကြားစာ ၁၅ စောင်ခန့်ရရှိ
27-May-2019

ရန်ကုန်၊ မေ ၂၆

တာဝန်ထမ်းဆောင်သည့် တစ်လခွဲအတွင်း စည်ပင်ကိစ္စများနှင့် ပတ်သက်၍ တောင်ဥက္ကလာပမြို့နယ်တွင် နေထိုင်သည့် ပြည်သူများဆီမှ တစ်ရက်လျှင် တိုင်ကြားစာ ၁၅ စောင်ခန့်ရရှိကြောင်း တောင်ဥက္ကလာပမြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးကျော်ဇေယျာဝင်းက ပြောကြားသည်။ 

အဆိုပါ တိုင်ကြားစာများတွင် လမ်းဘေးဈေးသည်များ ကျူးကျော်သည့် ကိစ္စများ၊ ခွေးကိစ္စ၊ အိမ်များမှ လမ်းနယ်ကို ကျူးကျော်ပြီး ဆောက်လုပ်ထားသည့် ကိစ္စ၊ ခွင့်ပြုချက်မရဘဲ အဆောက်အအုံ ဆောက်လုပ်သည့်ကိစ္စများနှင့် ရေကိစ္စများ စသည့်အကြောင်းအရာများကို တိုင်ကြားမှု အများဆုံးဖြစ်ကြောင်း ၎င်းက ဆိုသည်။

“တစ်နေ့ကို တိုင်စာအမှု ၁၅ မှု လောက်ရှိတယ်။ အရင်ကထက် ကျွန်တော်တို့ ကော်မတီကို အားကိုးပြီး တိုင်တာများလာတယ်။ တိုင်ထားသမျှကို အမြန်ဆုံး ဖြေရှင်းပေးတယ်။ ကျွန်တော်တို့ကို တိုင်ကြားထားတဲ့အမှုတွေကို ဌာနအလိုက် တာဝန်ခံတွေနဲ့ တစ်ပတ်တစ်ခါ တွေ့ဆုံပြီး ဖြေရှင်းဆောင်ရွက်ပါတယ်”ဟု ဦးကျော်ဇေယျာဝင်းက ရှင်းပြသည်။

ဦးကျော်ဇေယျာဝင်း ဖေ့စ်ဘွတ်ခ် အကောင့်မှလည်း စည်ပင်လုပ်ငန်းများနှင့်ပတ်သက်၍ နေ့စဉ်ဆောင်ရွက်နေသည့် ကိစ္စများကို ပြည်သူများသိရှိအောင် တင်ပေးလျက်ရှိကြောင်းနှင့် ယင်းဖေ့စ်ဘွတ်ခ် အကောင့်တွင် ပြည်သူများ မေးမြန်းသမျှ ကိစ္စများနှင့်တိုင်ကြားစာများကို ဖြေရှင်းဆောင်ရွက်ပေးနေကြောင်း တောင်ဥက္ကလာပ မြို့နယ်စည်ပင်သာယာရေးကော်မတီထံမှ သိရသည်။

အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၏ ၂၀၁၇ ခုနှစ်ထုတ်ပြန်သောစာရင်းအရ တောင်ဥက္ကလာပမြို့နယ်တွင် လူဦးရေ တစ်သိန်းခွဲကျော်ခန့်နေထိုင်လျက်ရှိပြီး ယင်းတောင်ဥက္ကလာပမြို့နယ်တွင် ရပ်ကွက် ပေါင်း ၁၃ ရပ်ကွက်ရှိကြောင်း သိရသည်။

မတ်လ ၃၁ ရက်က ကျင်းပ ပြုလုပ်ခဲ့သည့် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီအဆင့်ဆင့် ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သည့် ဒုတိယမြို့တော်ဝန် အပါအဝင် မြို့တော်ကော်မတီဝင် ခြောက်ဦး၊ စည်ပင်နယ်နိမိတ် ၃၃မြို့နယ်အတွက် တစ်မြို့နယ်လျှင် မြို့နယ်စည်ပင်သာယာ ဥက္ကဋ္ဌ၊ မြို့နယ်စည်ပင်သာယာအဖွဲ့ဝင်-၁ နှင့် မြို့နယ်စည်ပင်သာယာ အဖွဲ့ဝင်-၂ အတွက် ကိုယ်စားလှယ်ပေါင်း ၉၉ ဦး၊ စုစုပေါင်း ၁၀၅ ဦးတို့မှာ ဧပြီလ ၉ ရက်နေ့က စတင်တာဝန်ထမ်းဆောင်နေပြီဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီထံမှ သိရသည်။ 

J-10