News

POST TYPE

NEWS

မြန်မာတွင် တိုယိုတာကားများ လာထုတ်တော့မည်
27-May-2019

ရန်ကုန်၊ မေ ၂၆

မြန်မာနိုင်ငံမှ ကားသုံးစွဲသူများအကြိုက် ဂျပန်တိုယိုတာ ကားကုမ္ပဏီသည် သီလဝါစက်မှုဇုန်တွင် ကားများတပ်ဆင်ထုတ်လုပ်ရန်အတွက် စက်ရုံလာဆောက်ရန်စီစဉ်နေကြောင်း ဂျပန်သတင်းဌာန The Mainichi က ရေးသားဖော်ပြသည်။

ယင်းကဲ့သို့ စက်ရုံလာဆောက်မည်ကို တိုယိုတာကုမ္ပဏီက မေလအတွင်း တရားဝင်ထုတ်ပြန်နိုင်ပြီး ယခုနှစ်အတွင်း စက်ရုံတည်ဆောက်ရေးလုပ်ငန်းများကို စတင်ဆောက်ရွက်သွားရန်ရှိကြောင်း ယင်းသတင်းအရ သိရသည်။

တိုယိုတာစက်ရုံ လာဆောက်မည့် သတင်းနှင့်ပတ်သက်၍ သီလဝါအထူးစီးပွားရေးဇုန်မှ တာဝန်ရှိသူတစ်ဦးက “အဲဒါတော့ ပြောလို့မရသေးဘူး။ တိုယိုတာဘက်က တရားဝင်ထုတ်ပြန်ကြေညာပါလိမ့်မယ်။ ကျွန်တော်တို့ဆီကိုတော့ လာရောက်ဆွေးနွေးထားတာတွေ ရှိပါတယ်”ဟု ဆိုသည်။

သို့သော် တိုယိုတာကားသစ်များကို ရောင်းချခွင့်ရရှိထားသည့် Toyota Myanmar ကုမ္ပဏီအနေနှင့်မူ သိရှိထားခြင်း မရှိသေးကြောင်း ယင်းကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) သို့ လွန်ခဲ့သည့် ခြောက်လခန့်က တိုယိုတာကုမ္ပဏီနှင့်ဆက်နွှယ်သည့် ကုမ္ပဏီတစ်ခုက မြန်မာနိုင်ငံ၏ ကားဈေးကွက်အခြေအနေနှင့် ဥပဒေများကို လာရောက်လေ့လာမှုရှိခဲ့ကြောင်း၊ လတ်တလော ပြည်တွင်း၌ ကားထုတ်လုပ်ရန် လာရောက်လျှောက်ထားခြင်း မရှိသေးကြောင်း MIC ညွှန်ကြားရေးမှူး ဦးစိုးမြင့်အောင်က ပြောဆိုသည်။

“သီလဝါမှာ စက်ရုံတည်ထုတ်မယ်ဆိုရင်တော့ ကျွန်တော်တို့ဆီကို တင်စရာမလိုဘူး။ သီလဝါအထူးစီးပွားရေးဇုန်ဥပဒေနဲ့ လုပ်လို့ရတယ်”ဟု ၎င်းက ရှင်းပြသည်။

သို့သော် သီလဝါအထူးစီးပွားရေးဇုန်သို့လည်း စက်ရုံတည်ဆောက်ရန် လျှောက်ထားခြင်းမရှိသေးကြောင်း ယင်းအထူးစီးပွားရေးဇုန်ထံမှ သိရသည်။

လတ်တလော မြန်မာနိုင်ငံတွင် ဆူဇူကီးမော်တော်ကားကုမ္ပဏီသည် ပထမဆုံးစက်ရုံဖွင့်လှစ်၍ ကားများထုတ်လုပ်နေသည့် ဂျပန်ကားကုမ္ပဏီတစ်ခုဖြစ်ပြီး တောင်ဒဂုံမြို့နယ်နှင့် သီလဝါစက်မှုဇုန်တို့တွင် စက်ရုံနှစ်ရုံတည်ဆောက်ထားသည်။

“အဲဒီသတင်းတွေက တွေ့နေရတာတော့ ကြာပြီ။ ဟုတ် မဟုတ်တော့ မသိသေးဘူး။ မသေချာသေးတော့ ဘာမှပြောလို့မရသေးဘူး”ဟု တိုယိုတာစက်ရုံတည်ဆောက်မည့် ကိစ္စနှင့်ပတ်သက်၍ မြန်မာ့မော်တော်ယာဉ် ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေးအသင်းချုပ် ဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းက ဆိုသည်။

လတ်တလော ပြည်တွင်း၌ SKD စနစ်ဖြင့် ဆူဇူကီး၊ နစ်ဆန်း၊ ဟွန်ဒိုင်း၊ ဖို့ဒ်တို့က တပ်ဆင်ထုတ်လုပ်ရောင်းချနေသည်။

S-04