News

POST TYPE

NEWS

ဗြိတိန်ဝန်ကြီးချုပ်လောင်းလျာပြိုင်ပွဲတွင် ကွန်ဆာဗေးတစ်ခေါင်းဆောင်များထဲက ဒိုမင်နစ်ရပ်ဘ်နှင့် အန်ဒရီယာလီဆမ်တို့ ပါဝင်လာ
27-May-2019


လန်ဒန်၊ မေ ၂၆

ဗြိတိန်အစိုးရအဖွဲ့ဝင်ဟောင်းများ ဖြစ်သော ဒိုမင်နစ်ရပ်ဘ်နှင့် အန်ဒရီယာ လီဆမ်တို့သည် ပါတီခေါင်းဆောင်နေရာအတွက် ယှဉ်ပြိုင်ရန် ကြေညာသည့် ကွန်ဆာဗေးတစ်ပါတီ ခေါင်းဆောင်များ စာရင်းတွင် နောက်ဆုံး ပါဝင်လာသည်ဟု BBC သတင်းတွင် ဖော်ပြထားသည်။



၎င်းတို့သည် ထရီဇာမေက ဇွန်လ ၇ ရက်တွင် နုတ်ထွက်မည်ဟု ကြေညာခဲ့ပြီးနောက် ပြိုင်ပွဲသို့ ဝင်ရောက်လာသည့် ခြောက်ဦးမြောက်နှင့် ခုနစ်ဦးမြောက် ဝန်ကြီးချုပ်လောင်းလျာများဖြစ်သည်။

ဒိုမင်နစ်ရပ်ဘ်က ယူကေသည် အောက်တိုဘာ ၃၁ ရက် နောက်ဆုံးထား၍ အီးယူမှ နုတ်ထွက်ရန် လိုအပ်သည်ဟု တနင်္ဂနွေနေ့က ပြောဆိုခဲ့သည်။

အန်ဒရီယာလီဆမ်ကလည်း သူမအနေနှင့် လိုအပ်ပါက စာချုပ်မပါသော ဘရိတ်ဇစ်ကို ထောက်ခံသွားမည်ဟု ဆိုထားသည်။

အောက်လွှတ်တော်ခေါင်းဆောင်ဟောင်းနှင့် ပတ်ဝန်းကျင်ဝန်ကြီးဟောင်း လီဆမ်က ဘရိတ်ဇစ်ညှိနှိုင်းမှုများ အောင်မြင်ရန်အတွက် အစည်းအဝေးမှ ကန့်ကွက်ကာ ထပြန်ဖို့ ပြင်ဆင်ထားရန် လိုအပ်သည်ဟု ပြောကြားသည်။

ပြီးခဲ့သော နိုဝင်ဘာလအထိ ထရီဇာမေ၏ ဘရိတ်ဇစ်ဝန်ကြီးအဖြစ် ဆောင်ရွက်ခဲ့သူ ဒိုမင်နစ်ရပ်ဘ်ကလည်း ၎င်းအနေနှင့် သဘောတူစာချုပ် ချုပ်ဆိုမှုကို သဘောကျသော်လည်း ဗြိတိန်သည် အောက်တိုဘာလ ညှိနှိုင်းမှုများ ပြီးဆုံးသည့်အချိန်တွင် နုတ်ထွက်ရန် နောက်မတွန့်တမ်း ဆုံးဖြတ်ထားမှုကို ပြသရန် လိုအပ်သည်ဟု ပြောကြားသည်။

ပတ်ဝန်းကျင်ရေးရာဝန်ကြီး မိုက်ကယ်ဂုဖ်ကလည်း ပါတီခေါင်းဆောင် နေရာအတွက် ယှဉ်ပြိုင်မည်ဟု Sunday Times သို့ ဖော်ပြထားသည်။ ဂုဖ်ကို ထောက်ခံသူ စိုက်ပျိုးရေးဝန်ကြီးဟောင်း ဂျော့ချ်ယူ စတစ်က နောက်တက်မည့် ကွန်ဆာဗေးတစ် ခေါင်းဆောင်သည် ဘရိတ်ဇစ်ကို လေးစားရမည်ဖြစ်ပြီး အကောင်အထည်ဖေါ်နိုင်မည့် အရည်အချင်းရှိရန် လိုအပ်သည်ဟု ပြောကြားသည်။

ကွန်ဆာဗေးတစ်ပါတီသည် ဇူလိုင်လကုန် နောက်ဆုံးထား၍ ခေါင်းဆောင်သစ် ရွေးချယ်ရန် မျှော်မှန်းထားသည်။ ခေါင်းဆောင်သစ် ရွေးချယ်ပွဲ ပြုလုပ်ချိန်အထိ ထရီဇာမေက ဝန်ကြီးချုပ်အဖြစ် တာဝန်ယူသွားမည်ဖြစ်သည်။

ကွန်ဆာဗေးတစ်ပါတီခေါင်းဆောင် နေရာအတွက် ယှဉ်ပြိုင်ရန် ယခုအချိန်အထိ အတည်ပြုထားသူများမှာ နိုင်ငံခြားရေးဝန်ကြီး ဂျယ်ရမီဟန့်၊ နိုင်ငံတကာ ဖွံ့ဖြိုးရေးဝန်ကြီး ရိုရီစတီးဝပ်၊ ကျန်းမာရေးဝန်ကြီး မက်ဟန်ကော့ခ်၊ နိုင်ငံခြားရေး ဝန်ကြီးဟောင်း ဘောရစ်ဂျွန်ဆင်၊ အလုပ်နှင့် ပင်စင်ရေးရာဝန်ကြီးဟောင်း အက်စသာမက်ဗေးတို့ ပါဝင်သည်။

ဗြိတိန်နိုင်ငံတွင် နိုင်ငံရေးပါတီများ၏ အဖွဲ့ဝင်အများစုမှာ လူလတ်တန်းစားများ ဖြစ်ကြသည်။ သို့ရာတွင် ကွန်ဆာဗေးတစ် ပါတီဝင်များမှာ အထူးသဖြင့် လူလတ်တန်းစားများဖြစ်ကြပြီး ABC1 အမျိုး အစားခွဲခြားမှုအရ ၈၆ ရာခိုင်နှုန်းအထိ ပါဝင်သည်ဟု သိရှိရသည်။ 

ပါတီဝင်လေးပုံတစ်ပုံခန့်မှာ ကိုယ်ပိုင် လုပ်ငန်းရှိသူများဖြစ်ကြပြီး ၎င်းတို့အနက် ထက်ဝက်ခန့်မှာ ပုဂ္ဂလိကကဏ္ဍတွင် လုပ်ကိုင်နေသူများဖြစ်သည်။ လေးဦးလျှင် တစ်ဦးမှာ နှစ်စဉ်ဝင်ငွေ ပေါင်သုံးသောင်းရှိပြီး၊ လူ ၂၀ လျှင် တစ်ဦးမှာ ပေါင်တစ်သိန်း ဝင်ငွေရှိသည်။ ပါတီဝင်များသည် မဲဆန္ဒရှင် အများစုထက် အခြေအနေကောင်းသူများ ဖြစ်သည်။  

F-04


  • VIA