News

POST TYPE

NEWS

ပထမဆုံးတရားဝင်လက်ထပ်သည့် ထိုင်ဝမ်နှင့်အာရှတိုက်၏ လိင်တူချစ်သူစုံတွဲ
26-May-2019


တိုင်ပေ၊ မေ ၂၆

အာရှတိုက်၏ ပထမဆုံးတရားဝင် လိင်တူချစ်သူ အိမ်ထောင်သည်များအဖြစ် ထိုင်ဝမ်အမျိုးသားနှစ်ဦး ရုံးတက်လက်မှတ်ထိုးကြကြောင်း မီဒီယာများက အုတ်အော်သောင်းတင်းဖော်ပြလျက်ရှိသည်။

ကွန်ဆာဗေးတစ် အတိုက်အခံများက ကန့်ကွက်နေကြသော်လည်း လွှတ်တော်အမတ်များက မထင်မှတ်ဘဲ လိင်တူ ချစ်သူလက်ထပ်ခွင့်ကို အတည်ပြုပေးလိုက်ရာ အထက်ပါ မင်္ဂလာလက်မှတ်ရေးထိုးခြင်းက ပထမဆုံးအဖြစ် ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။

တစ်ဒါဇင်လောက်ရှိသော ချစ်သူစုံတွဲများ ပထမဆုံး လက်ထပ်ခွင့်ရရန် အစိုးရရုံးသို့ လာရောက်လျှောက်ထားခဲ့ကြရာမှ ပထမဆုံး စုံတွဲစတင်လက်ထပ်ခြင်း ဖြစ်ပေသည်။

လက်ထပ်စာချုပ်များနဲ့ ခင်ပွန်း၏နာမည်ဖော်ပြထားသော မှတ်ပုံတင်ကတ်များကို ပျော်ရွှင်စွာကိုင်ဆောင်ပြီး သတင်းမီဒီယာများရှေ့ ဓာတ်ပုံမရိုက်ခင် အကြင်နာ အနမ်းများ ဖလှယ်ခဲ့ကြသည်။

အစောဆုံးလက်ထပ်ကြမည့် စုံတွဲ များတွင် အမျိုးသမီးနှစ်ဦးလည်းပါဝင်ပြီး ၎င်းတို့မှာ လူမှုကူညီရေးလုပ်သား ဟောင်မေယုနှင့် သူမ၏ ကောင်မလေး ယူရာတင်တို့ ဖြစ်ကြသည်။

အမြင်ပွင့်လင်းသော ဗုဒ္ဓဘာသာ ဘာသာရေးခေါင်းဆောင်တစ်ဦး၏ ရှေ့မှောက်တွင် အကြင်လင်မယားအဖြစ် မင်္ဂလာဆွမ်းကျွေးမှုကို ၂၀၁၂ ကတည်းက ပြုခဲ့သော်လည်း တရားဝင် လက်ထပ်ခွင့်ရရှိရေး စောင့်ဆိုင်းနေကြခြင်း ဖြစ်သည်။

“နောက်ကျတယ်ပေါ့နော်။ ဒါပေမဲ့ ကျွန်မတို့ တရားဝင်လက်ထပ်ခွင့်ရတော့မှာမို့ ပျော်ရွှင်နေပါတယ်”ဟု ဟောင်က AFP ကို ပြောကြားခဲ့သည်။

သူတို့၏ ချစ်ခရီးလမ်းကိုတရားဝင် အသိအမှတ်ပြုပေးမှုက အရေးကြီးသော ခြေလှမ်းဖြစ်ပြီး၊ ၎င်းတို့ ချစ်ခြင်းဆက်ဆံရေးကို အများကလက်ခံစေရန် အထောက်အကူ ဖြစ်စေပေမည်။

ပထမဆုံး မှတ်ပုံတင်ခွင့်ရသည့် စုံတွဲမှာ အမျိုးသားနှစ်ဦးဖြစ်ပြီး ရှိန်းလင်နှင့် မက်ယွန်တို့ဖြစ်ကြသည်။ ၎င်းတို့သည် ကောလိပ်မှာကတည်းက ချစ်မိခဲ့ကြသူများဖြစ်ကာ ပထမဆုံး မှတ်ပုံလာတင်ကြသဖြင့် ဗွေဆော်ဦး လက်ထပ်ခွင့်ကို ရသွားခြင်း ဖြစ်သည်။

“ကျွန်တော်တို့အတွက် သိပ်ကို လွယ်ကူခဲ့တဲ့ခရီးစဉ်မဟုတ်ပါဘူး။ ကျွန်တော့်ရဲ့ အသည်းတစ်ခြမ်း၊ ကျွန်တော့် မိသားစုနဲ့ သူငယ်ချင်းတွေရဲ့ အားပေးမှုကိုရရှိတာ အရမ်းကံကောင်းပါတယ်”ဟု ရှိန်းလင်က မျက်ရည်များကျပြီး ပြောပြသွားသည်။

F-02