News

POST TYPE

NEWS

မြေနုကျွန်း အငြင်းပွားမှုဖြေရှင်းရန် တိုင်းအစိုးရချင်း ဆွေးနွေး
26-May-2019

ဟင်္သာတ၊ မေ ၂၆

ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ် သက္ကယ်ကျွန်းကျေးရွာအုပ်စုနှင့် ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ် ရေပေါ်သောင်ကျေးရွာအုပ်စုအကြားရှိ မြေနုကျွန်းများ အငြင်းပွားမှုပြဿနာကို ဖြေရှင်းနိုင်ရေးအတွက် မေလ ၂၄ ရက်နေ့က ဝန်ကြီးချုပ်နှစ်ဦး တွေ့ဆုံဆွေးနွေးခဲ့ကြောင်း ဟင်္သာတခရိုင်အုပ်ချုပ်ရေးမှူးရုံးထံမှ သိရသည်။

ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှမိုးအောင်တို့နှစ်ဦးမှာ ဇလွန်မြို့နယ်တွင် တွေ့ဆုံခဲ့ခြင်းဖြစ်ပြီး အငြင်းပွား မြေနုကျွန်းခွဲဝေရေးအတွက် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း ယင်းရုံးထံမှ သိရသည်။

ပြည်ထဲရေးဝန်ကြီးဌာန၏ ၁၉၉၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၁၀၀/၂၃-၂၄၁/ ဦး ၁ အရ ဇလွန်မြို့နယ်၊ အဖျောက်မြို့ပေါ် ၄ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၆ အုပ်စု ကျေးရွာခွဲပေါင်း ၃၄ ရွာ၊ ကွင်းအကွက်ပေါင်း ၄၄ တို့ကို ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် တိုက်ကြီးမြို့နယ်သို့ လွှဲပြောင်းပေးခဲ့ရကြောင်း၊ ယင်းနောက် ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ်၏ ရေပေါ်သောင်ကျေးရွာအုပ်စုတွင် မြစ်ရေတိုက်စားမှုကြောင့် လုပ်စားမြေများဆုံးရှုံးခဲ့သဖြင့် ၂၀၀၂ ၊ ၂၀၀၃ ခုနှစ်က ရေပေါ်သောင်ကျေးရွာနှင့် နီးကပ်စွာ ပေါ်ထွန်းနေသော ဇလွန်မြို့နယ်၊ ကြာအင်းကျေးရွာအုပ်စုတွင် ပါဝင်နေသည့် ဆွယ်ပွားကျွန်းကို တိုင်းနှစ်တိုင်းရှိ ကျေးရွာအုပ်စုနှစ်ခုညှိနှိုင်းခဲ့ရာမှ အငြင်းပွားမှု စတင်ခဲ့ခြင်းဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြော ကြားသည်။

အဆိုပါ တိုင်းနှစ်ခုအကြား ပေါ်ထွန်းနေသည့် အငြင်းပွားမြေနုကျွန်းမှာ ရေနက်ကြောင်း Deep Water Channel အရ ဇလွန်မြို့နယ်အတွင်း တည်ရှိကြောင်း၊ ရန်ကုန်တိုင်း၊ ရေပေါ်သောင်ကျေးရွာအုပ်စုသည် အဆိုပါ မြေနုကျွန်းနှင့် ဧရာဝတီမြစ်တစ်ခုလုံးပိုင်းခြားလျက်ရှိပြီး ဧရာဝတီ ရေနက်ကြောင်းအရ ဧရာဝတီတိုင်းစီမံ အုပ်ချုပ်ခွင့်နယ်နိမိတ်အတွင်း ကျရောက်နေကြောင်း၊ ၂၀၀၄ ခုနှစ်တွင် ရန်ကုန်တိုင်း၊ ရေပေါ်သောင်ကျေးရွာတောင်သူများ လုပ်စားနိုင်ရန် မြေနု ၂၈၆ ဧကကို သုံးနှစ် လုပ်စားခွင့်ပြုခဲ့ပြီးနောက် သုံးနှစ်ပြည့်ချိန်၌ ပြန်လည်ခွဲဝေပေးရန် ညှိနှိုင်းမှု အဆင်မပြေဖြစ်ခဲ့ကြောင်း ၎င်းကဆိုသည်။

၂၀၁၀-၂၀၁၁ ခုနှစ်က စစ်တိုင်းမှူးနှစ်ဦး ခွဲဝေချထားခဲ့သည့် မြေနေရာ၏ ဇလွန်ဘက်အခြမ်းတွင် မြေနုဧက ၃၀ ထပ်မံ ပေါ်ထွန်းခဲ့ပြီး ၂၀၁၃-၂၀၁၄ ခုနှစ်များတွင် တိုင်းနှစ်တိုင်းမှ တောင်သူများက အပြန်အလှန် မီးရှို့ဖျက်ဆီးခြင်း၊ သီးနှံများ ကျူးကျော်ရိတ်သိမ်းခြင်းတို့ပြုလုပ်ကာ ပဋိပက္ခများဖြစ်ပေါ်ခဲ့ကြောင်း၊ ယင်းနောက် ဆင့်ကဲ ဆင့်ကဲ ပေါ်ထွန်းလာသည့် မြေနုကျွန်းများ နှင့်ပတ်သက်၍ ယခင်အစိုးရလက်ထက်မှ ယခုအစိုးရအဖွဲ့လက်ထက် ၂၀၁၉ ခုနှစ်အထိ ဖြေရှင်းခြင်းလုပ်ငန်းများပြီးပြတ်ခြင်းမရှိသေးကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

R-13