News

POST TYPE

NEWS

အာလာဒင်ရုပ်ရှင်ကားတွင် ပါရှိသော ဘုရင်ဆူလ်တန်၏နန်းတော်မှာ မြန်မာဘုန်းတော်ကြီးကျောင်းဖြစ်
26-May-2019

နယူးယောက်၊ မေ ၂၆

လက်ရှိရုံတင်ပြသနေသော အာလာဒင် ရုပ်ရှင်ဇာတ်ကားတွင် ပါရှိသည့် ဘုရင်ဆူလ်တန်၏ နန်းတော်အဖြစ် ရိုက်ကူးပြသသော ရိုက်ကွင်းနေရာမှာ မြန်မာဘုန်းတော်ကြီးကျောင်း တစ်ခုဖြစ်သည်ဟု ew.com ဝက်ဘ်ဆိုက်က ဖော်ပြထားသည်။

အာလာဒင်ဇာတ်ကားတွင် ပါဝင်သည့် ဘုရင်ဆူလ်တန်၏ နန်းတော်နေရာကို စနစ်တကျ ကြည့်ရှုမည်ဆိုပါက မြန်မာမှု ကနုတ်လက်ရာများကို ဂုဏ်ယူဖွယ်ရာ မြင်တွေ့ကြရလိမ့်မည်ဖြစ်ပြီး အာလာဒင်မှာ အရှေ့အလယ်ပိုင်းဒေသ ရိုးရာပုံပြင်တစ်ပုဒ်ဖြစ်နေခြင်း၊ ဒစ္စနေး ရုပ်ရှင်ထုတ်လုပ်ရေး၏တင်ဆက်ပုံ သေသပ်နေခြင်းတို့ကြောင့် ဆူလ်တန်ဘုရင်၏ နန်းတော်နေရာအဖြစ် မြန်မာဘုန်းတော်ကြီးကျောင်းကို အသုံးပြုထားသည်ဆိုခြင်းမှာ အချက်အလက် ခိုင်မာစွာ မသိရှိပါက ဇဝေဇဝါဖြစ်ဖွယ်ရာပင် ကောင်းလွန်းလျက်ရှိသည်။

ew.com ဝက်ဘ်ဆိုက်တွင် ဝင်ရောက်ကြည့်ရှုလေ့လာမည်ဆိုပါ အလာဒင်ရုပ်ရှင်အတွက် ဆက်တင်နှင့် ရိုက်ကွင်းဆိုင်ရာ အခန်းကဏ္ဍတွင် “မော်ရိုကိုနိုင်ငံရှိ မယ်ရာကတ်ရှ်မြို့ဈေးများမှနေ၍ မြန်မာပြည်ရှိ ဘုန်းတော်ကြီးကျောင်းများအထိ”ဟူသော ရည်ညွှန်းချက်ကို မြင်တွေ့ကြရလိမ့်မည်ဖြစ်ပြီး ဆူလ်တန်၏ နန်းတော်နေရာအဖြစ် ဖန်တီးရန် မြန်မာဘုန်းတော်ကြီးကို ရှာဖွေတွေ့ရှိခဲ့သူမှာ အာလာဒင်ရုပ်ရှင်ကား၏ ထုတ်လုပ်ရေးဒီဇိုင်နာ ဂမ်မာဂျက်ဆန်ဖြစ်သည်။

ew.com ဝက်ဘ်ဆိုက်နှင့် တွေ့ဆုံမေးမြန်းခန်းတွင်လည်း ဂမ်မာဂျက်ဆန်က “ကျွန်မ နန်းတော်ဒီဇိုင်းအတွက် ရှေးဟောင်း အဆောက်အအုံတစ်ခုကို ရှာဖွေခဲ့ပါတယ်။ ဆူလ်တန်ရဲ့ နန်းတော်နေရာဟာ သက်တမ်းရှည်ကြာပြီး ရွှေပိန်းချထားတဲ့ သစ်သားတွေနဲ့ တည်ဆောက်ထားတဲ့ မြန်မာဘုန်းတော်ကြီးကျောင်းပါ”ဟု ဖွင့်ဟအသိပေးသွားခဲ့သည်။

E-11