News

POST TYPE

NEWS

မုဒိတာလူမှုပရဟိတအသင်း ကားမှန်ရိုက်ခွဲသည့် တပ်မတော်အရာရှိ ပြန်လည်တောင်းပန်
26-May-2019
ရန်ကုန် ၊ မေ ၂၆

ရေလှူဒါန်းရန်သွားရောက်ခဲ့သော မုဒိတာလူမှုပရဟိတအသင်း (ကွမ်းခြံကုန်းမြို့)၏ကားမှန်ကို ရိုက်ခွဲသွားခဲ့သည့် တပ်မတော်အရာရှိသည် ယနေ့ (မေလ ၂၆ရက်) နေ့လယ်ပိုင်းက အသင်းရုံးတွင် လာရောက်တောင်းပန်ခဲ့ကြောင်း ယင်းအသင်းဥက္ကဋ္ဌ ဦးရဲထွဋ်က ပြောကြားသည်။

ကွမ်းခြံကုန်းမြို့နယ် ဆယ်အိမ်တန်းကျေးရွာသို့ မေ ၂၅ ရက်တွင် မုဒိတာလူမှုပရဟိတအသင်းက ရေလှူဒါန်းရန်အတွက် သွားရောက်စဉ် ခလရ (၁၆) မှ ဗိုလ်ကြီးသစ်လွင်ဦး စီးနင်းလာသောကားနှင့် ထန်းပင်ကြီးကွေ့တွင် တွေ့ဆုံသည့်အခါ အဆိုပါဗိုလ်ကြီးသည် ကားပေါ်မှပြေးဆင်းလာကာ ဆဲဆိုပြီး ကားမှန်ကို ကျောက်ခဲဖြင့် ထုခွဲခဲ့ခြင်းဖြစ်ကြောင်း ယင်းအသင်းဝင်တစ်ဦးက လူမှုကွန်ရက်တွင် ရေးသားထားသည်။

ယင်းဖြစ်စဉ်ကို တပ်ရင်းတာဝန်ခံအရာရှိထံ ဆက်သွယ်တိုင်ကြားခဲ့သည့်အတွက် ဒုတပ်ရင်းမှူးနှင့် ဗိုလ်ကြီးတစ်ဦး လာရောက်ညှိနှိုင်းပေးသဖြင့် အမှုမဖွင့်ခြင်းဖြစ်ကြောင်း ဦးရဲထွဋ်က ရှင်းပြသည်။

“အဲဗိုလ်ကြီးကိုယ်တိုင် အသင်းရုံးမှာ လာတောင်းပန်တယ်။ ပြီးတော့ ပျက်စီးဆုံးရှုံးသွားတဲ့ ကားမှန်တွေကိုလည်း အလျော်ပေးမယ်လို့ ပြောသွားပါတယ်။ ဒုတပ်ရင်းမှူးကလည်း တပ်စည်းကမ်းနဲ့ သူ့ကို အရေးယူမယ်လို့ ပြောသွားတယ်”ဟု ၎င်းက ဆိုသည်။

ယင်းဖြစ်စဉ်သည် တပ်မတော်နှင့် မုဒိတာလူမှုပရဟိတအသင်းတို့ ပြဿနာဖြစ်ခြင်းမဟုတ်ဘဲ မူးယစ်နေသော တပ်မတော်အရာတစ်ဦးကြောင့် အခြားသူများကို မထိခိုက်စေလိုသဖြင့် အမှုမဖွင့်ဘဲ ကျေအေးခဲ့ခြင်းဖြစ်ကြောင်း ယင်းအသင်းဝင်တစ်ဦးက လူမှုကွန်ရက်တွင် ရေးသားထားသည်။

MHS