News

POST TYPE

NEWS

ပြင်သစ် လိုင်ယွန်တွင် ပါဆယ်ဗုံးခွဲမှုကြောင့် ၁၃ ဦး ထိခိုက်ဒဏ်ရာရ၊ ရဲက လိုက်လံရှာဖွေ
26-May-2019



လိုင်ယွန်၊ မေ ၂၅

ပြင်သစ်နိုင်ငံ လိုင်ယွန်တွင် လူ ၁၃ ဦး ထိခိုက်ဒဏ်ရာရစေခဲ့သော ပါဆယ်ဗုံးခွဲမှုတွင် တရားခံဟု သံသယရှိသူ၏ သတင်းအချက်အလက်များကို ပေးပို့ကြရန် ပြင်သစ်ရဲက မေတ္တာရပ်ခံခဲ့သည်ဟု BBC သတင်းတွင် ဖော်ပြထားသည်။



လိုင်ယွန်မြို့လယ် လူရှုပ်သော လမ်းပေါ်တွင် မုန့်ဆိုင်တစ်ခု၏ အပြင်ဘက်တွင် ပါဆယ်ဗုံး ပေါက်ကွဲခဲ့ပြီး အသက်ရှစ်နှစ်အရွယ် မိန်းကလေးတစ်ဦး အပါအဝင် လူ ၁၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

အကြမ်းဖက်နှိမ်နင်းရေး စုံထောက်များက စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေပြီး အများပြည်သူသွားလာသောနေရာများတွင် လုံခြုံရေးကို တိုးမြှင့်ထားသည်။

စီစီတီဗီမှတ်တမ်းမှ တရားခံ၏ မှုန်ဝါးဝါး ရုပ်ပုံကို ရဲက ထုတ်ပြန်ထားသည်။ တရားခံသည် အသက် ၃၀ ခန့်ဖြစ်ပြီး ခေါင်းစွပ်အင်္ကျီလက်ရှည် အရောင်ရင့်နှင့် ဘောင်းဘီတို အရောင်နုကို ဝတ်ဆင်ထားကာ အနက်ရောင် တောင်တက်စက်ဘီးကို အသုံးပြုသည်ဟု ရဲက ပြောကြားသည်။

ဝက်အူနှင့် မူလီများအပြည့်ထည့် ထားသောဗုံးသည် လိုင်ယွန်မြို့လယ် ဆုန်းမြစ်နှင့် ရုန်းမြစ်နှစ်ခုအကြား ဗစ်တာဟူဂိုလမ်းပေါ်တွင် ညနေ ၅ နာရီ ၃၀ ခန့်တွင် ပေါက်ကွဲခဲ့ခြင်းဖြစ်သည်။

အနီးရှိဟိုတယ်တစ်ခုမှ ဧည့်ကြို ကောင်တာဝန်ထမ်းတစ်ဦးက နားအူသွားမတတ် ကျယ်လောင်စွာ ပေါက်ကွဲခဲ့သည်ဟု ပြောကြားသည်။

ပြင်သစ်တွင် ပါဆယ်ဗုံးနောက်ဆုံး ပေါက်ကွဲမှုမှာ ၂၀၀၇ ခုနှစ်က ပဲရစ်မြို့ ဥပဒေရုံးရှေ့တွင်ဖြစ်ပြီး တစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာရခဲ့သည်။ ထိုဖြစ်ရပ်တွင် ဗုံးခွဲသူကို ရဲက ရှာမတွေ့ခဲ့ပေ။

ပြင်သစ်နိုင်ငံတွင် ၂၀၁၅ ခုနှစ်မှစ၍ ဂျီဟတ်အကြမ်းဖက်ဝါဒီများ၏ သေနတ်နှင့် ဗုံးအသုံးပြုတိုက်ခိုက်မှုများကြောင့် လူပေါင်း ၂၅၀ ကျော် သေဆုံးခဲ့ရပြီး လိုင်ယွန် အပါအဝင် မြို့ကြီးများ၌ စစ်တပ်၏ ကင်းလှည့်မှုများမှာ ပုံမှန်မြင်နေကျ အရာတစ်ခုဖြစ်သည်။

ပြင်သစ်တွင် အကြိတ်အနယ် ယှဉ်ပြိုင်နေရသည့် ဥရောပပါလီမန် ရွေးကောက်ပွဲများကျင်းပရန် ရက်ပိုင်းအလိုတွင် လိုင်ယွန် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။  

F-04