News

POST TYPE

NEWS

ဧဝရက်တောင်ထိပ်အနီး တောင်တက်သမားများ ပြည့်ညပ်နေစဉ် သုံးဦး ထပ်မံသေဆုံး
26-May-2019


ခတ္တမန္ဒူ၊ မေ ၂၅

နီပေါနိုင်ငံတွင် ဧဝရက်တောင်တက်သူ သုံးဦး ထပ်မံသေဆုံးခဲ့ရာ တစ်ပတ်အတွင်း သေဆုံးသူ ၇ ဦးရှိသွားခဲ့ပြီး ယခင် နှစ်တစ်နှစ်လုံး သေဆုံးသူအရေအတွက်ထက် ကျော်လွန်သွားခဲ့သည်ဟု BBC သတင်းတွင် ဖော်ပြထားသည်။

ကြာသပတေးနေ့က တောင်အဆင်းတွင် အင်အားကုန်ခန်းကာ သုံးဦးသေဆုံးခဲ့သည်။ တောင်တက်ခွင့်ပါမစ် အရေအတွက်ကန့်သတ်ရန် တောင်းဆိုမှုများရှိနေသည့်ကြားမှ တောင်ထိပ်အနီး တောင်တက်သမားများ ပြည့်လျှံနေချိန်တွင် ယခုကဲ့သို့ သုံးဦး သေဆုံးခဲ့ခြင်းဖြစ်သည်။

နီပေါသည် နွေဦးကာလတောင်တက် ရာသီတွင် တစ်စောင်လျှင် ဒေါ်လာ ၁၁,ဝ၀၀ ကောက်ခံသည့် တောင်တက်ခွင့်ပါမစ် ၃၈၁ စောင်ကို ထုတ်ပေးခဲ့သည်။

အိန္ဒိယတောင်တက်သမားနှစ်ဦး ဖြစ်သည့် ကာပနာဒတ်စ် ၅၂ နှစ်နှင့် နီဟာဘဂဝမ် ၂၇ နှစ်တို့သည် ကြာသပတေးနေ့က တောင်ထိပ်မှ ပြန်ဆင်းနေစဉ် သေဆုံးခဲ့သည်။ တောင်ထိပ်အနီး လူကျပ်နေစဉ် ၁၂ နာရီခန့် နေခဲ့ရပြီးနောက် သေဆုံးသွားခဲ့ခြင်းဖြစ်သည်ဟု ဒေသခံ တောင်တက်ခရီးစီစဉ်သူ ကီရှက်ဗ်ပေါ်ဒယ်လ်က ပြောပြသည်။

အသက် ၆၅ နှစ်အရွယ် ဩစတြေးလျ တောင်တက်သမားတစ်ဦးသည်လည်း တောင်၏ မြောက်ဘက်ခြမ်း တိဗက်နိုင်ငံဘက်တွင် သေဆုံးခဲ့သည်။

အိန္ဒိယနှင့် အမေရိကန် တောင်တက်သမားနှစ်ဦးသည်လည်း ဗုဒ္ဓဟူးနေ့က တောင်ပေါ်တွင် သေဆုံးခဲ့သည်။ အိုင်းရစ် လူမျိုးပါမောက္ခ ဆီးမတ်စ်လောလက်စ်သည်လည်း မေလ ၁၆ ရက်က တောင်ပေါ်မှ ပြုတ်ကျသွားခဲ့ရာ သေဆုံးသွားပြီဟု ယူဆရသည်။

ယခုနှစ် တောင်တက်ရာသီတွင် လေပြင်းတိုက်မှုကြောင့် တောင်တက်သမားများအတွက် တောင်ထိပ်သို့ရောက်ရန် အချိန်အကန့်အသတ် ရှိခဲ့သည်ဟု သိရှိရသည်။

မနှစ်က နွေဦးတောင်တက်ရာသီတွင် ဧဝရက်တောင်ပေါ်တွင် ငါးဦးနှင့် လို့စ်တောင်ပေါ်တွင် တစ်ဦးသေဆုံးခဲ့သည်။

၂၀၁၉ ခုနှစ်တွင် ဧဝရက်တောင် တက်သူအရေအတွက်သည် မနှစ်က အရေအတွက် ၈၀၇ ဦးထက် ကျော်လွန်ဖွယ်ရှိသည်ဟု ဆိုသည်။

ထိုသို့ တောင်တက်သူအရေအတွက်နှင့် သေဆုံးသူအရေအတွက် မြင့်တက်လာမှုသည် နီပေါနိုင်ငံတွင် တောင်တက်ခွင့်ပါမစ်ကန့်သတ်ရန် တောင်းဆိုမှုများကို ဖြစ်ပေါ်စေခဲ့သည်။ 

မနှစ်က ဧဝရက်တောင်တက်ခဲ့သော ရုပ်သံတင်ဆက်သူ ဘင်ဖိုဂလေကတောင်တက်ခွင့် ပါမစ်ကို လန်ဒန်မာရသွန်ပြိုင်ပွဲ ပုံစံကဲ့သို့ မဲနှိုက်ပေးရန် တောင်းဆိုခဲ့သည်။

တောင်တက်သမားနီမားပါဂျာ၏ ဧဝရက်တောင်ထိပ်တွင် လူတန်းကြီးဖြစ်နေပုံ ဓာတ်ပုံသည် ယခုသီတင်းပတ်အတွင်း ကမ္ဘာတစ်ဝန်းက သတိပြုမိလောက်အောင် ဆွဲဆောင်နိုင်ခဲ့သည်။  

F-04


  • VIA