News

POST TYPE

NEWS

ရေခဲတောင်အဆင်း ပြုတ်ကျခဲ့သည့် မစိမ့်ထက်၏ ခန္ဓာကိုယ် ပြန်လည်တွေ့ရှိ
26-May-2019
ရန်ကုန်၊ မေ ၂၆

ပြီးခဲ့သည့် ဧပြီလအတွင်းက ဖန်ဂရန်ရာဇီ ရေခဲတောင်တက်ခရီးစဉ်တွင် ရေခဲတောင်အဆင်းတွင် ပြုတ်ကျခဲ့သည့် မစိမ့်ထက်၏ ခန္ဓာကိုယ်ကို ပြန်လည်တွေ့ရှိပြီဖြစ်ကြောင်း ၎င်းနှင့် နီးစပ်သည့် မိသားစုဝင်များထံမှ သိရသည်။

မစိမ့်ထက် ပျောက်ဆုံးနေမှုအပေါ် တောင်တက်အဖွဲ့များက ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ဆောင်ခဲ့ကြပြီး ယခု တတိယအကြိမ် ရှာဖွေမှုတွင် သူမ၏ ရုပ်အလောင်းကို ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် ရှာဖွေတွေ့ရှိခဲ့သည့် တောင်တက်အဖွဲ့သည် ယင်းနေရာအနီးတစ်ဝိုက်တွင်သာ ရှိနေသေးသည့်အတွက် တွေ့ရှိခဲ့သည့် အခြေအနေသေးစိတ်ကိုမူ ပြောပြနိုင်ခြင်းမရှိသေးကြောင်း ၎င်း၏ မိသားစုဝင်တစ်ဦးက ပြောသည်။

“အဲဒီလိုတွေ့တယ်လို့တော့ အကြမ်းဖျင်း အကြောင်းကြားလာတယ်။ သူတို့ ပြန်ရောက်မှပဲ အသေးစိတ်သိရမယ်ထင်တယ်” ဟု ၎င်းက ပြောသည်။

မစိမ့်ထက်အား ကယ်ဆယ်ရန် တောင်တက်သမားများဖြင့် ဖွဲ့စည်းထားသည့် ကယ်ဆယ်ရေး ကော်မတီဝင်တစ်ဦးကလည်း ယင်းသို့ ခန္ဓာကိုယ်တွေ့ရှိခဲ့သည့် သတင်းကို အတည်ပြုပြောကြားခဲ့ပြီး အသေးစိတ်အခြေအနေကို မသိရသေးကြောင်း လက်ရှိတွင် ယင်းကယ်ဆယ်ရေးအဖွဲ့သည် ပူတာအိုသို့ ရောက်ရှိနေပြီဖြစ်ကြောင်းလည်း အတည်ပြုပြောကြားသည်။

ပြီးခဲ့သည့် မေလဆန်းပိုင်းက ဒုတိယအကြိမ်မြောက် ကယ်ဆယ်ရေးလုပ်ငန်းစဉ်တွင် မစိမ့်ထက် တောင်ပေါ်မှ ပြုတ်ကျစဉ်က ဝတ်ဆင်ခဲ့သည့် ဂျာကင်အင်္ကျီတစ်ထည်နှင့် မျက်မှန်ကို တွေ့ရှိထားခဲ့သည်။

ပြီးခဲ့သည့် ဧပြီလ ၁၂ရက်နေ့က The Summiter တောင်တက်အဖွဲ့၏ ဖန်ဂရန်ရာဇီ ရေခဲတောင်တက် ခရီးစဉ်တွင် မစိမ့်ထက်တစ်ယောက် ခြေချော်ကာ တောင်ပေါ်မှ ပြုတ်ကျသေဆုံးခဲ့ကြောင်း ယင်းတောင်တက်အဖွဲ့က သတင်းထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ ဖြစ်စဉ်အပေါ် မစိမ့်ထက်၏ မိသားစုဝင်များက ကျေနပ်မှုမရှိခဲ့ကြဘဲ ပြုတ်ကျခဲ့သည့် ဖြစ်စဉ်ကို သက်သေအထောက်အထား ခိုင်လုံစွာ ပြသနိုင်ခြင်းမရှိသည့်အပေါ် ဝေဖန်မှုများလည်း ရှိနေသည်။

ထို့ပြင် မိသားစုဝင်များကလည်း အဆိုပါ တောင်တက်အဖွဲ့ကို တရားစွဲအရေးယူမည့် အစီအစဉ်များကို ထုတ်ဖော်ပြောကြားမှုများလည်း ပြုလုပ်ထားသည်။

မစိမ့်ထက်ကို ပြန်လည်ရှာဖွေရန် အဖွဲ့ဝင် ၁၄ ဦးခန့် ပါဝင်သည့် မြန်မာနိုင်ငံ ခြေလျင်နှင့် တောင်တက်အဖွဲ့ချုပ် ဒုတိယဥက္ကဌ ဦးကျင်ဦး ခေါင်းဆောင်သည့် ရှာဖွေကယ်ဆယ်ရေး အဖွဲ့ကို ဖွဲ့စည်းကာ ပြန်လည်ရှာဖွေရန် ကြိုးပမ်းခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် ၂၀၁၄ ခုနှစ်အတွင်းကလည်း ခါကာဘိုရာဇီ တောင်တက်ခရီးစဉ်တွင် သဘာဝခေါ်သံ တောင်တက်အဖွဲ့မှ တောင်တက်သမားနှစ်ဦးဖြစ်သည့် ကိုအောင်မြင့်မြတ်နှင့် ကိုဝေယံမင်းသူ တို့လည်း ပျောက်ဆုံးသွားသည့် ဖြစ်စဉ် ဖြစ်ပွားဖူးသည်။

J-08