News

POST TYPE

NEWS

ငမိုးရိပ်ရေသန့်စင်စက်ရုံ (အထယု) တွင် ဓာတ်အားပြတ်တောက်ခြင်းကြောင့် မြို့နယ် (၁၂) မြို့နယ် ရေပြတ်မည်
26-May-2019
ရန်ကုန်၊ မေ-၂၆

ငမိုးရိပ်ရေသန့်စင်စက်ရုံ (အထယု) တွင် ဓာတ်အားပြတ်တောက်မည်ဖြစ်သောကြောင့် မေလ ၃၀ ရက်နေ့၌ မြို့နယ် (၁၂) မြို့နယ် ရေပြတ်တောက်မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်ရေးကော်မတီ၊ ရေရရှိရေးနှင့် ရေပေးဝေရေးလုပ်ငန်းတာဝန်ခံအဖွဲ့ထံမှ သိရသည်။

ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အား ကော်ပိုရေးရှင်းက ဓာတ်အားဖြန့်ဖြူးလျက်ရှိသော 33KV (လှော်ကား-အထယု ဓာတ်အားလိုင်းကို လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးနှင့် ဓာတ်အားလိုင်းအပြစ်ဖြစ်ပွားမှု လျော့ကျစေရေးအတွက် ဓာတ်အားပိတ်၍ သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်းကို မေလ ၃၀ရက်၊ နံနက် ၉ နာရီမှ နေ့လည် ၂ နာရီအထိ ဆောင်ရွက်သွားမည်ဖြစ်သောကြောင့် ငမိုးရိပ်ရေသန့်စင်စက်ရုံ (အထယု) ဓာတ်အားပြတ်တောက် ရခြင်းဖြစ်ကြောင်း အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းမှု) မှ အကြီးတန်းအရာရှိတစ်ဦးက ပြောကြားသည်။

အဆိုပါ ဆောင်ရွက်စဉ်ကာလအတွင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ၊ ရေရရှိရေးနှင့် ရေပေးဝေရေးလုပ်ငန်း တာဝန်ခံအဖွဲ့အနေဖြင့် ငမိုးရိပ်ရေသန့်စင်စက်ရုံ (အထယု) မှ ရေတွန်းစက်များမောင်းနှင်မှုကို ခေတ္တရပ်နားထားရမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“YESC က မီးပျက်မှာဆိုတော့ ရေတွန်းစက်တွေကလဲ လျှပ်စစ်နဲ့ တင်ရတဲ့ ရေတွန်းစက်တွေ၊ မြင်းကောင်ရေ ထောင်နဲ့ချီရှိတော့ မီးစက်တွေနဲ့မနိုင်ဘူး။ မေ ၃၀ ရက်နေ့မှာတော့ အချိန်ပိုင်းရေပြတ်တောက်မယ်။ ၁၂ မြို့နယ်အပြင် ကျန်မြို့နယ်တွေမှာလဲ ရေအားလျော့နည်းမှုတွေ ဖြစ်ပေါ်နိုင်ပါတယ်”ဟု အဆိုပါ အကြီးတန်းအရာရှိက ရှင်းပြသည်။

ထို့ကြောင့် ငမိုးရိပ်ရေသန့်စင်စက်ရုံ (အထယု) မှ အဓိကရေပေးပို့လျှက်ရှိသော မင်္ဂလာဒုံ၊ ရွှေပြည်သာ၊ မြောက်ဥက္ကလာပ၊ တောင်ဥက္ကလာပ၊ သင်္ဃန်းကျွန်း၊ ဒဂုံမြို့သစ် (တောင်ပိုင်း)၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း)၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း)၊ သာကေတ၊ ဒေါပုံမြို့နယ်များနှင့် လှိုင်သာယာစက်မှုဇုန် စသည့် ၁၂ မြို့နယ်တွင် ရေပေးဝေမှု ခေတ္တပြတ်တောက်မည် ဖြစ်သည်။

J-10


  • VIA