News

POST TYPE

NEWS

ဘဏ်မှထုတ်လာသည့်ငွေထုပ် ဆိုင်ကယ်တူးဘောက်အတွင်းမှ ခိုးယူခံရ
25-May-2019
မုံရွာ၊ မေ ၂၅

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့တွင် မေလ ၂၄ ရက်နေ့က သားဖြစ်သူလွှဲလိုက်သည့်ငွေကျပ် ၂၁ သိန်းကို ဘဏ်တွင်ထုတ်ယူခဲ့ပြီးနောက် ဆိုင်ကယ်တူးဘောက်အတွင်း ထည့်ထားစဉ် ခိုးယူခံရမှုဖြစ်ပွားခဲ့ကြောင်း ငွေထုပ်ပျောက်ဆုံးခဲ့သူ ဦးဘိုမင်းက ပြောကြားသည်။

ယင်းနေ့ နံနက်ပိုင်းက ဘုတလင်မြို့နယ်၊ နှောပင်ကြီးအုပ်စု၊ ချောင်းမီးတိုကျေးရွာနေသူ ဦးဘိုမင်းသည် မုံရွာမြို့၌ ငွေလာထုတ်ပြီးနောက် ဗိုလ်ချုပ်လမ်းရှိ အိမ်ဆောက်ပစ္စည်းဆိုင်တစ်ဆိုင်ရှေ့တွင် ဆိုင်ကယ်ကိုခေတ္တရပ်နားခဲ့ရာတွင် ဆိုင်ကယ်တူးဘောက်အတွင်းမှ ငွေထုပ်မှာ ခိုးယူခံခဲ့ရခြင်းဖြစ်သည်။

“ဘဏ်က ငွေထုတ်လာပြီး ဆိုင်ကယ်တူးဘောက်ထဲ ထည့်တယ်။ ကိုယ်ပေါ် လွယ်တဲ့အကျင့် မရှိဘူး။ ဆိုင်ရှေ့ရပ်တာ မေးမြန်းရုံတင် ၂ မိနစ်လောက်ပဲကြာတယ်။ ငွေထုပ်ကိုင်ပြီး ထွက်လာတာကို ဘဏ်မှာထဲကနေ စောင့်ကြည့်ပြီး နောက်ကလိုက်လာတယ်လို့ ခန့်မှန်းမိတယ်”ဟု ဦးဘိုမင်းက ပြောဆိုသည်။

ခိုးယူခံရသည့် ငွေမှာ စုစုပေါင်းကျပ် ၂၁ သိန်းရှိကာ အမျိုးသားနှစ်ဦးက ဆိုင်ကယ်တူးဘောက်အတွင်းမှ နှိုက်ယူသွားသည်ကို ဆောက်လုပ်ရေးဆိုင်၏ စီစီတီဗီမှတ်တမ်းအရ သိရှိရပြီး ယင်းဖြစ်စဉ်ကို မြို့မရဲစခန်းတွင် မေလ ၂၄ ရက်နေ့ ညက အမှုဖွင့်ထားကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

မုံရွာမြို့တွင် ဘဏ်မှ ငွေထုတ်လာသူများကို မသမာသူအချို့က နောက်ယောင်ခံစောင့်ကြည့်ကာ ဆိုင်ကယ်တူးဘောက်အတွင်းမှ ခိုးယူသွားသည့်ဖြစ်စဉ်များ မကြာခဏ ဖြစ်ပွားနေသဖြင့် ထိရောက်စွာ အရေးယူဆောင်ရွက်သင့်ကြောင်း ဒေသခံများက ပြောဆိုသည်။

R-08